Skip to main content

ပြည်သူအပေါ် အကြမ်းဖက်တာက စစ်တပ်ရဲ့အမူအကျင့်လား

Pyay

ရေသားသူ - Thomas Lynn

မြေလတ်အသံ၊ ဧပြီ ၂၄၊ ၂၀၂၂။

"ပြည်သူလူထုအပေါ်  လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဥ်ပါ" ဆိုတာက တပ်မတော်သားတွေအနေနဲ့ ပြည်သူတွေအပေါ်ပြုမူကျင့်သုံးရမယ့် ကျင့်ဝတ် ၁၀ ချက် ထဲမှာပါတဲ့  ကျင့်ဝတ် ၁ ခုပါ။ ဒီကျင့်ဝတ်က မျက်မှောက်ခေတ် ပြည်သူတွေအပေါ်  ပြုမူဆက်ဆံနေတဲ့ တပ်မတော်သားတွေရဲ့ လုပ်ရပ်နဲ့တော့ ပြဒါးတလမ်း သံတလမ်းဖြစ်လို့ နေပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာအရပ်သားအစိုးရ NLD လက်ထဲကနေ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မြန်မာစစ်တပ်က သိမ်းယူပြီး နောက်ပိုင်းမှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နိုင်ငံအနှံအပြားကပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက အင်အားသုံးဖြိုခွင်းတိုက်ခိုက်တာတွေအပြင် နောက်ပိုင်းမှာ သေနတ်နဲ့ အခြားသောလက်နက်ငယ်တွေပါ အသုံးပြုပြီး ပစ်ခတ်တာတွေ လုပ်ဆောင်လာပါတယ်။ 

အာဏာသိမ်းပြီး ၉ ရက်မြောက်နေ့ ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းမှာတော့ နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာ အေးချမ်းစွာန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ လက်နက်မဲ့ပြည်သူ အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့  ဦးခေါင်းကို သေနတ်ကျည် ထိမှန်ခဲ့ပြီး  အဲ့ဒီဒဏ်ရာနဲ့ပဲ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဥ်ကတော့ ၂၀၂၁ခုနှစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ စစ်ကောင်စီလက်ချက်နဲ့ ပထမဆုံးအရပ်သားပြည်သူတဦး သေဆုံးမှုလို့ ဆိုနိုင်ပါတယ်။၂

​မြသွဲ့သွဲ့ခိုင်
၂၀၂၁ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ဦးခေါင်းကို သေနတ်ကျည် ထိမှန်ခဲ့သူ မမြသွဲ့သွဲ့ခိုင်

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးစတဲ့  တိုင်းဒေသကြီးတွေအပါအဝင်  ချင်း၊ ကချင်၊ ကရင်နီ (ကယား)နဲ့ အခြားသောပြည်နယ်တွေပါမကျန် နိုင်ငံအနှံအပြားမှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေက ဖေဖော်ဝါရီလလယ်လောက်ကစလို့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြသလို တဖက်မှာလည်း စစ်ကောင်စီရဲ့ လူထုအပေါ်အကြမ်းဖက်ဖြိုခွင်းမှုတွေဟာ တနေ့ထက်တနေ့  ပြင်းထန်လာပါတယ်။

အဲ့ဒီနောက် မတ်လအစောပိုင်းကစပြီး  စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ဘယ်သူ့ကိုမဆို နည်းမျိုးစုံသုံးပြီး ဥပဒေမဲ့အကြမ်းဖက်ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။  ဒါ့အပြင် တဆင့်ထက်တဆင့်တိုးပြီး နေ့စဉ်ဆိုသလို ဆန္ဒပြပြည်သူတွေအပြင် အခြားသောဒေသခံပြည်သူတွေကိုလည်း မထင်ရင်မထင်သလို အကြောင်းမဲ့ဖမ်းဆီး၊ သတ်ဖြတ်တာတွေ လုပ်ဆောင်လာခဲ့တာ ဒီကနေ့အထိပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့အထိ စစ်ကောင်စီလက်ချက်နဲ့ ကျဆုံးခဲ့သူ ၁၇၆၉ ဦးနဲ့ ဖမ်းဆီးခံထားရသူ ၁၀၂၄၉ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ - AAPP ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး လက်ရှိမြေပြင်မှာတော့ ဒီအရေအတွက်ထက် ပိုလို့များနိုင်ပါတယ်။

ဒါတွေအပြင် တိုင်းပြည်အာဏာကို မတရားသိမ်းခဲ့ချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ပြည်သူလူထု သောင်းနဲ့ချီ သေဆုံးခဲ့ရတာလည်း စစ်တပ်က အာဏာမတရားသိမ်းယူခဲ့တာကြောင့် ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းကာလ ၁ နှစ်ကျော်လာပြီဖြစ်ပေမယ့် ပြည်သူအပေါ်ပြုမူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကတော့ မရပ်တန့်ပဲ ဆိုးဝါးသထက်ဆိုးရွားလာနေတာကို မြင်တွေ့နေရပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ပြောသလိုပဲ "တိုင်းပြည်အပေါ် စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိဘူး" ဆိုတာ ၂၀၂၁ စစ်အာဏာသိမ်းပြီးမှ ပိုမိုသဘောပေါက်သူတွေ များပြားလာတာဟာလည်း စစ်တပ်ရဲ့ သန္ဓေအမှန်ကို များများမြင်တွေ့လာရလို့ပဲ ဖြစ်ပါတယ်။

ထန်တလန်
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်တွက မြို့လုံးကျွတ်မီးရှိ့ဖျက်ဆီးစဥ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာတွေ၊  နေအိမ်မီးရှို့ဖျက်ဆီးတာတွေအပြင်၊ သက်ကြီးရွယ်အိုး၊ အမျိုးသမီးတွေနဲ့ မွေးကင်းစ ကလေးငယ်တွေပါမကျန် ဖမ်းဆီးသတ်ဖြတ်နေတာတွေရှိပြီး၊ ဒီလုပ်ရပ်တွေကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် နဲ့ ကရင်နီပြည်နယ်တွေက ဒေသခံတွေ အများဆုံးရင်ဆိုင်နေကြရပါတယ်။ 

အိမ်ခြေ ၂၀၀၀ ကျော်၊ လူဦးရေ ၁ သောင်းနီးပါးနေထိုင်တဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ကို   ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့ကစလို့ ၄ ကြိမ်ထက်မနည်း စစ်တပ်က မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ 

Data For Myanmar က စုစည်းထားတဲ့ အချက်အလက်တွေမှာတော့ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်အတွင်း နိုင်ငံတဝှမ်း စစ်ကောင်စီလက်ချက်ကြောင့် မီးလောင်ဆုံးရှုံးခံရတဲ့ အိမ်ခြေပေါင်း ၉၁၈၇ လုံးရှိတဲ့အနက် မကွေးတိုင်းအတွင်းမှာတော့ အိမ်ခြေ ၁၈၁၄ လုံး နဲ့ ဒုတိယအပျက်ဆီးဆုံးနေရာမှာရှိနေပြီး၊ အများဆုံးကတော့ ၅၆၁၇ လုံးနဲ့ စစ်ကိုင်းတိုင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ရွာက ၄၂ နှစ်အရွယ် မအေးအေးဝင်း နဲ့ သမီးဖြစ်သူ အသက် ၄ နှစ်အရွယ် မရတီမိုးတို့ကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့မတ်လ ၆ ရက်မှာ ဓါးနဲ့ထိုးသတ်သွားပြီး၊ မိခင်ဖြစ်သူကိုလည်း အဓ္ဓမပြုကျင့်ခံခဲ့ရပါတယ်။ 

ပေါက်
၂၀၂၂ ခုနှစ် မတ်လ ၆ ရက်မှာ စစ်ကောင်စီတပ်သားတွေ ဓါးနဲ့ထိုးသတ်ခဲ့တဲ့ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ရွာက ၂ နှစ်အရွယ် မရတီမိုးနဲ့ သူမမိခင်ရဲ့ရုပ်အလောင်းကိုတွေ့ရစဉ်။
 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုန်းရွာကို ဖေဖော်ဝါရီ ၂၆ ရက်မှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းပြီး၊ လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တဲ့အပြင် ဒေသခံအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦးကို သေနတ်နဲ့ပစ်သတ်ပြီးတဲ့နောက်  ဓါးစာခံအဖြစ် ရွာသား ၃ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီဖြစ်စဥ်နဲ့ ပက်သက်ပြီး “၂၆ ရက်နေ့မှာ သူတို့ကလေယာဥ်နဲ့ပစ်တယ်၊ မပြေးနိုင်တဲ့သူတွေ၊ ခြေထောက်ထိတဲ့သူတွေကျတော့ သူတို့ကဖမ်းပြီး ညှင်းပန်းနှိပ်စက်တယ်၊ ခေါင်းကိုတည်ပြီး ပစ်သတ်တဲ့ လူလည်းရှိတယ်၊ ရင်ဘက်တွေလည်းပစ်ဖောက်တယ်၊ ခုကျနော်တို့ စစ်တပ်က ပစ်သတ်သွားတဲ့ အလောင်း ၈ လောင်းတွေ့ရပါတယ်။ ၈ လောင်းမှာ အမျိုးသမီး ၁ လောင်း၊ အမျိုးသား ၇ လောင်းပါ၊“ လို့  ချင်းပုန်းရွာဒေသခံတဦးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ မြေလတ်အသံသတင်းဌာနကို အတည်ပြု ဖြေဆိုထားပါတယ်။

ဒီလိုဖြစ်စဥ်တွေဟာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့မှာ ရာနဲ့ချီရှိခဲ့ပြီး၊ ဖြစ်စဥ်အရေအတွက် အတည်အကျကိုတော့ စုစည်းဖို့ ခက်ခဲနေဆဲပါ။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကလည်း  ရန်ကုန်းတိုင်း၊ အလုံမြို့နယ်ရှိ  Best Choice မူကြိုကျောင်းမှာတက်နေတဲ့ အသက် ၃ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။ မိခင်ဖြစ်သူကို PDF တွေထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတဲ့အပြင် သားဖြစ်သူ မောင်သန့်ဘုန်းဝေယံကိုပါ ကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

ကလေး
၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်က ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ Best choice မူကြိုကျောင်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ၃ နှစ်အရွယ် မောင်သန့်ဘုန်းဝေယံနဲ့ သူ၏မိခင်

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁  ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ လက်မှတ်ထိုးခဲ့တဲ့နိုင်ငံတနိုင်ငံဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီကကလေးသူငယ်တွေရဲ့ အခွင့်အရေး တွေကို လူသိထင်ရှား ပေါ်ပေါ်တင်တင်ကို ချိုးဖောက်နေတယ်ဆိုတာ ဒီဖြစ်စဥ်တွေက သက်သေပြနေတာပါ။ 


စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ အနေနဲ့လည်း ကိုယ်ပိုင်စဥ်စားဥာဏ်ပျောက်ဆုံးကာ လူသားခြင်းစာနာထောက်ထားမှုကို သွေဖယ်ပြီး၊ စစ်ခေါင်းဆောင်တွေရဲ့ အမိန့်အာဏာတခုတည်းသာ ရှေ့တမ်းတင် လုပ်ဆောင်နေသလို သူခိုး၊ ဒါးမြတွေထက်ဆိုးဝါးပြီး လူသတ်မဒိန်းကျင့်တဲ့ စစ်တပ်တခုဖြစ်လာပြီးဆိုတာ ပြည်သူတွေ မျက်ဝါးထင်ထင်မြင်တွေ့နေကြပါပြီ။

ဒီလိုကိစ္စမျိုးတွေဟာ မြန်မာပြည်အလယ်ပိုင်းနဲ့ မြို့ကြီးပြကြီးတွေမှာ အခုလို မီဒီယာတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်ကြီးမှာတောင် ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့အခြေအနေကိုကြည့်ရင် လွတ်လပ်ရေးနဲ့အတူ တွဲပါလာတဲ့ ပြည်တွင်းစစ်ကို ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာဆိုရင် ဘယ်လောက်အထိတောင် ကျူးလွန်ခဲ့မဲဆိုတာ တွေးကြည့်ရုံနဲ့တင် သိသာလှပါတယ်။

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း၊ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က Save the Children Myanmar က ဝန်ထမ်း ၂ ဦးအပါအဝင် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပြင် စုစုပေါင်း စစ်ရှောင်ပြည်သူ ၃၀ ကျော်ကို စစ်တပ်ကအစုလိုက်မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်ဟာ  မြန်မာရော ကမ္ဘာ့အဖွဲ့အစည်းတွေကပါ အံ့ဩရလောက်တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေထဲက တခုပါ။ 

ကရင်နီ
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၊ ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ Save the children ၀န်ထမ်း ၂ ဦးအပါအ၀င် စစ်ရှောင် ၃၀ ကျော်လိုက်ပါလာတဲ့ကားတွေကို စစ်ကောာင်စီက မီးရှို့ဖျက်ဆီးစဉ်။

"ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကိုသတ်ဖြတ်တာက ဘယ်လိုရှု့ထောင့်မျိုးကပဲကြည့် ကြည့် စစ်တပ်ရဲ့ကျင့်ဝတ်ပိုင်း ဆိုင်ရာအရကော၊ လူ့အခွင့်ရေးအရကော ဘယ်လိုမှမဖြစ်သင့်တဲ့ ကိစ္စတခုလို့ မြင်တယ်။ စစ်အုပ်စုမှာက ကလေးဆိုတာလည်းမရှိဘူး၊ အမျိုးသမီးဆိုတာလည်း မရှိဘူး။ သူတို့ကို ဆန့်ကျင်တဲ့သူအားလုံးကို ရန်သူလို့ သတ်မှတ်ပြီး သတ်ဖြတ်နေတာ" လို့  မကွေးလူထုတိုက်ပွဲ ကော်မတီရဲ့တာဝန်ရှိသူ ကိုချစ်ဝင်းမောင်က ဆိုပါတယ်။

စစ်တပ်ရဲ့ ပြည့်သူ့အပေါ်ညှင်းပန်းနှိပ်စက်မှုတွေနဲ့ လူသားချင်းစာနာမှုကင်းမဲ့မှုတွေဟာ ၂၀၂၁ ခုနှစ် အာဏာ သိမ်းဖြစ်စဥ် နောက်ပိုင်းမှ စတင်ခဲ့တာမဟုတ်ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ စပြီးတိုက်ပွဲဖြစ်ပွားချိန် လွန်ခဲ့တဲ့ ၁၀ စုနှစ်ပေါင်း ၇ ခုလောက် ကတည်းက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ တိုင်းရင်းသားဒေသတွေက ပြည်သူတွေဟာ စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်မှုတွေနဲ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထပ်တလဲလဲ ရင်ဆိုင်ခဲ့ကြရပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ၂၀၁၆ နှောင်းပိုင်းကတည်းက စံချိန်တင်လောက်အောင် ဥပဒေချိုးဖောက်မှုတွေ ကျူလွန်မှုတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းတလျောက်လုံးကိုလည်း ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ပြီး၊ ICJ မှာတရားစွဲဆိုခံရတဲ့အထိ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေဟာလည်း ပါဝင်ခဲ့ပါတယ်။

အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ ထိပ်တိုက်တွေ့ဆုံပြီး အဖွဲ့ငယ်အချင်းချင်းထိတွေ့ပစ် ခတ်မှုဖြစ်ပွားတဲ့ အချိန်မှာလည်း အစိုးရစစ်သားတွေက တိုင်းရင်းသားလူနည်းစု အရပ်သားတွေကို ပစ်မှတ်ထားပြီး ထင်တိုင်းကြဲကာ တဘက်သတ်ဖမ်းဆီး၊ အကြမ်းဖက်ရိုက်နှက်တာတွေအပြင် အခြားလက်မခံနိုင်ဖွယ်ရာ အပြုအမူတွေကိုလည်း ကျူးလွန်ခဲ့တယ်ဆိုတာကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်း - Amnesty International က  "All the Civilians Suffer: Conflict, Displacement and Abuses in Northern Myanmar" ဆိုတဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းက မြန်မာစစ်တပ်ဟာ  သူတို့ကိုကြောက်ပြီး သူတို့ရဲ့အုပ်ချုပ်မှုကိုလည်း မဆန့်ကျင်ရဲအောင် အကြမ်းဖက်နှိပ်စက်မှုတွေကို စံနမူနာထားလုပ်ဆောင်ပြနေတာဖြစ်သလို အခြားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ချိန်တွေမှာလည်း စစ်တပ်ဘက်က အရေးနိမ့်ခဲ့ရင် နီးစပ်ရာဒေသက ပြည်သူတွေကို အကြောင်းမဲ့ညှင်းပန်းနှိပ်စက်တာ၊ ရွာလုံကျွတ်မီးရှို့ဖျက်ဆီးတာတွေအပြင် စစ်ပွဲအတွင်း လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်တဲ့လုပ်ရပ်တွေကိုလည်း ဒီကနေ့အချိန်ထိ ပြုလုပ်နေဆဲပါ။ 

လူသားဒိုင်း
၂၀၂၁ အောက်တိုဘာ ၂၈ ရက်နေ့၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ကသဲရွာသား ၂၀ ဦးကို စစ်ကောင်စီက ဖမ်းစီးကာ လူသားဒိုင်းအဖြစ်အသုံးပြုစဉ်

"တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရေးနိမ့်ရင် ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေလည်းရှိတယ်။ အဲ့ဒါတွေကတော့ ရှုံးမဲမဲတယ်လို့ ပြောလို့ရတယ်။ ဒေသတခုမှာ သူတို့အရေးနိမ့်ရင်သူတို့စိတ်ထဲမှာက ဒီဒေသခံတွေက ငါတို့ကိုတိုက်ခိုက်တာ၊ သူတို့ကြောင့် ငါတို့ကျဆုံးရတာဆိုပြီး ရန်သူလိုမျိုးသတ်မှတ်လိုက်တဲ့ စိတ်မျိုးတွေ ရှိတတ်ကြတယ်။ အဲ့ဒီမှာပဲ ပြည်သူလူထုကို သူတို့ပစ်မှတ်ထားတိုက်ခိုက်တယ်" လို့ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က CDM ဝင်ရောက်လာပြီး၊ လက်ရှိအချိန်မှာ ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး Arteezy က ပြောပါတယ်။ 

ခုလိုလုပ်ရာမှာလည်း စစ်သားတွေအနေနဲ့ သူတို့ရဲ့အမိန့်ပေး ခေါင်းဆောင်ပေါ်မှာ များစွာမူတည်နေပြီး၊ အများစုကတော့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းဖို့ အမိန့်ပေးတတ်ကြသလို၊ တချို့အမိန့်မပေးတဲ့ ခေါင်းဆောင်အချို့ကျတော့လည်း စစ်တပ်အရာရှိပိုင်းတွေက အပြစ်ပေးအရေးယူခံရတာတွေရှိတယ်လို့လည်း ဗိုလ်ကြီး Arteezyက ဆိုပါတယ်။ 

"အာဏာသိမ်းမှုနောက် ဆန္ဒပြတဲ့နေရာတွေကို ဖြိုခွင်းတဲ့နေရာမှာလည်း အမိန့်ပေးရတဲ့ ခေါင်းဆောင်တွေကိုယ်တိုင်ကိုက စိတ်လိုလက်ရ ပစ်ခတ်နှိမ်နင်းဖို့ အမိန့်ပေးတာတွေရှိတယ်။ ပြည်သူလူထုနဲ့အတူရပ်တည်တဲ့ အရာရှိမျိုးတွေနဲ့လည်းတွေ့ဖူးတယ်။ အဲ့လိုအရာရှိမျိုးတွေကိုကျတော့ ဒကစမှူး၊ တိုင်းမှူးတွေကအစ တပ်ကိုပြန်ပို့ပြီး အရေးယူအပြစ်ပေးတာတွေရှိတယ်။ ပြောရရင်တာ့ အထက်က အရာရှိတွေကိုယ်တိုင်ကိုက အကြမ်းဖက်မှုကို အားပေးခိုင်းစေနေတယ်လို့ ပြောလို့ရပါတယ်"လို့ ဗိုလ်ကြီး Arteezyက ဆက်ပြောပါတယ်။ 

အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးယ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ပစ်မှတ်ထား တိုက်ခိုက်နေတာတွေနဲ့ ရှေ့တန်းတိုက်ပွဲတွေအတွင်း စစ်သားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြန်လည်စစ်ဆေးပြီး၊ အပြစ်ပေးဒဏ်ခတ်မယ့် စစ်ခွန်ရုံးတွေရှိပေမယ့်လည်း စစ်တပ်ရဲ့အထက်ပိုင်းအရာရှိတွေကိုယ်တိုင်က ဒီလုပ်ရပ်တွေကို မသိကျိုးကျွန်ပြုထားပြီး၊ အပြစ်ပေးတာတွေလည်းမရှိပါဘူး။ 

"အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုလုပ်ရပ်တွေအပေါ်မှာ စစ်သားအတော်များများက သဘောတူကြတယ်။ သူတို့စိတ်ထဲမှာ စစ်တပ်ရဲ့လုပ်ရပ်က မှန်တယ်လို့ပဲရှိနေကြတယ်။ စစ်တပ်ဥပဒေနဲ့ စစ်ခွန်ရုံးကတော့ ရှိတယ်။ ရှေ့တန်းတိုက်ပွဲတွေမှာ အကြမ်းဖက်ယုတ်မာမှုတွေကို ပြန်လည်စစ်ဆေးပြီးတော့ အပြစ်ပေးတာမျိုးတော့မရှိဘူး၊ ဒါကို ဗိုလ်ချုပ်တွေကိုယ်တိုင်မျိုးက သိလျက်နဲ့အကြမ်းဖက်ယုတ်မာမှုတွေကို မသိကျိုးကျွံပြု ပေးထားတယ်။ တိုက်ပွဲပြီးတဲ့ အခါမျိုးမှာလည်း ဒီလို လုပ်ရပ်တွေကိုပြန်လည်ဖော်ထုတ် အပြစ်ပေးတာတွေမရှိဘူး" လို့  ဗိုလ်ကြီး Arteezy က ဆိုပါတယ်။ 

မြန်မာပြည်သူ၊ ပြည်သားတွေရဲ့အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့် မြန်မာစစ်တပ်ဟာ လက်ရှိမှာတော့ သူတို့ကိုယ်တိုင်ပဲ ပြည်သူကို အန္တရာယ်ပေး၊ အကြမ်းဖက်မှုတွေ ထပ်တလဲလဲလုပ်ပြီး၊ အမျိုးသမီးနဲ့ လူမမယ်ကလေးငယ်တွေကိုတောင် ညှာတာထောက်ထားမှုမရှိတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကျူးလွန်နေကာ လက်ရှိအချိန်ထိလည်း လျော့ကျသွားတာမျိုးမရှိပဲ တဆထက်တဆပိုမို လုပ်ဆောင်လာတာကြောင့် ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်တာက မြန်မာစစ်တပ်ရဲ့ အမူအကျင့်တခုလို့ဆိုရင်တောင် မှားမယ်မထင်တော့ပါဘူး။

"တပ်မတော်သာအမိ၊ တပ်မတော်သာအဖ" ဆိုတဲ့ စစ်တပ်က အမြဲကြွေးကြော်ခဲ့တဲ့ ဆောင်ပုဒ်ဟာ တချိန်ကတော့ နိုင်ငံရေးစိတ်မဝင်စားသူတွေအတွက်တော့ ဟုတ်ချင်ဟုတ်မှာပဲလေလို့ မှတ်ယူချင်မှတ်ယူနိုင်ပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တပ်မတော်ဟာ ဘယ်တုန်းကမှ အမိ၊အဖ မဖြစ်ခဲ့ဘူးဆိုတာ မြန်မာပြည်သူတွေ မျက်ဝါးထင်ထင်တွေမြင်ခဲ့ရသလို စစ်တပ်ဝါဒဖြန့်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက အကြမ်းဖက်သောင်းကျန်းသူဆိုတာ ဘယ်သူတွေကို ရည်ညွန်းတယ်ဆိုတာ မြန်မာပြည်သူတွေ ကောင်းကောင်း သိရှိသွားကြပါပြီ။    

ပြည်

"ပြည်သူလူထုအပေါ်  လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဥ်ပါ" ပါဆိုတဲ့ စစ်သည်တော်ကျင့်ဝတ်ဟာ ဖတ်ကောင်းရုံဖတ်ဖို့ ရေးဖွဲ့ထားတာမဟုတ်ပါဘူး။ တိုင်းပြည်တပြည်မှာ စစ်တပ်မရှိလို့ရတယ်၊ ပြည်သူမရှိလို့မရဘူး။ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်တယ်။ ပြည်သူလူထုက မထောက်ခံရင် ဘယ်အဖွဲ့အစည်းမှ မရပ်တည်နိုင်ဘူးဆိုတာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ သိဖို့လိုသလို သူတို့လက်အောက်ငယ်သားတွေလည်း သိဖို့လိုအပ်ပါတယ်။ 

#မြေလတ်အသံ
 

News Image
ပြည်