ကန့်ဘလူ၊ မလည်ရွာမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေယာဥ်နဲ့ အကြိမ်ရေ ၅၀ ထက်မနည်းပစ်ကူရ

ကန့်ဘလူ၊ မလည်ရွာမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေယာဥ်နဲ့ အကြိမ်ရေ ၅၀ ထက်မနည်းပစ်ကူရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလည်ရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီး စစ်တပ်က လေယာဥ်နဲ့အကြိမ်ရေ ၅၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

မေ ၇ ရက် မနက် ၄ နာရီခန့်မှာ အင်အား ၁၀၀ ကျော်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းကို ကန့်ဘလူခရိုင် PDF တပ်ရင်းတွေနဲ့ ပူးပေါင်းအဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် မနက် ၈ နာရီလောက်ကစတင်ပြီး စစ်တပ်ဘက်က Y-12၊ ဂျက်ဖိုက်တာ၊ MI-35 တွေ အသုံးပြုကာ အကြိမ်ရေ ၅၀ ထက် မနည်းဗုံးကြဲတိုက်ခိုက်တာ၊ စက်လက်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

"စခန်းသိမ်းတိုက်ပွဲလုပ်တာ။ သူတို့ဘက်က အထိနာတော့ နေ့ခင်း ၁၂ လောက်ထိကို လေယာဥ်တွေနဲ့ အသားကုန်သုံးပြီးပစ်တာ။ သူတို့ဘက်က လေယာဥ်တွေနဲ့ အသကုန်လာပစ်တော့ နေ့ခင်းပိုင်းလောက်မှာ ပြန်ဆုတ်လာကြတယ်။"လို့ မြေပြင်တိုက်ခိုက်ရေးပါဝင်သူ ရဲဘော်တဦးက ပြောပါတယ်။

ဒီနေ့ညနေ ၄ နာရီအချိန်ထိ မလည်ရွာကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေဘက်က လမ်းကြောင်းဖြတ်တောက်ရေးအဖွဲ့တွေ မြေမှုန်ရွာဘက်မှာ တိုက်ပွဲဖြစ်နေချိန် စစ်တပ်ဘက်ကလေကြောင်းအသုံးပြုပြီး ၄ ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်တာတွေလုပ်နေပါတယ်။

စစ်တပ်ဘက်က လေယာဥ်နဲ့ ဗုံးကြဲပစ်ခတ်တာကြောင့် မလည်ရွာရှိနေအိမ်အများအပြား မီးလောင်ပျက်စီးတာတွေရှိနေပြီး ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က အများအပြားထိခိုက်သေဆုံးနိုင်ပြီး ကာကွယ်ရေးတပ်တွေ ဘက်ကလည်း ထိခိုက်သူတွေရှိနေပြီး အရေအတွက်ကိုတော့ အတိအကျပြောလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။

တိုက်ပွဲကြောင့် မလည်ရွာ၊ မြေမှုန်၊ ကံပြား၊ ပဇီကြီး၊ ပဇီလေး၊ ရွှေဘိုချောင်အပါအဝင်ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၄,၀၀၀ နီးပါးထွက်ပြေးနေရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ဒေသကာ ကွယ်ရေးပူးပေါင်းတပ်တွေဘက်မှ ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ ၄ ရက်ဆက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်သေ ဆုံးရှိတယ်လို့ သိရပါတယ်။

ပုံစာ - ဇွန်လ ၉ ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစခန်းတိုက်ခိုက်ခံရစဉ် စစ်တပ်ကလေကြောင်းပစ်ကူပေးနေသည့် Mi 35 ရဟတ်ယာဉ်တစီး။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #မလည်ရွာ #စစ်ကောင်စီ #လေယာဥ် #ဗုံးကြဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10