ကျင်ဒွေးတိုက်ပွဲမှာ သေနတ် ၂၀ ကျော်ရပြီး သုံ့ပန်းတချို့ဖမ်းမိ

ကျင်ဒွေးတိုက်ပွဲမှာ သေနတ် ၂၀ ကျော်ရပြီး သုံ့ပန်းတချို့ဖမ်းမိ

မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်က ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံ့ပန်းတချို့ဖမ်းမိတာတွေရှိပြီး လက်နက် ၂၀ ကျော်လည်း သိမ်းနိုင်ခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေး(CB operation)အဖြစ် ချင်းညီနောင်၊ YDF၊ PDF၊ LPDF၊ GZA၊ AA စတဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ တိုက်ခိုက်နေပြီး စစ်ဆင်ရေး ၅၄ ရက်အကြာ ဧပြီ ၂၉ ရက်မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

“စစ်ကောင်စီက မြို့ကနေထွက်ခွာပြီးနောက် အကွဲကွဲအပြားပြားဖြစ်နေတယ်။ မကွေးဘက်ကိုလည်း ဆုတ်နေ တယ်။ သုံ့ပန်းတွေက ဆက်တိုက်မိနေတယ်။ တယောက်မိလိုက် သေနတ်ရလိုက်တော့ ဖြစ်နေတယ်။ ကျင်ဒွေး စက်ဝန်းထဲကနေ လွတ်သွားအောင်တော့ အပြီးသတ် ချေမှုန်းနေတုန်းပဲ” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြို့ထဲက စစ်ကောင်စီတပ်တွေဟာ ကျင်ဒွေးမြို့ကနေ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ  ထွက်ခွာသွားပြီး မြို့အနီးနားက တောင်ကုန်းတခုကို သွားရောက်ပူးပေါင်းကာ အင်အား ၂၀၀ ကျော်နဲ့ ရှိနေခဲ့ပေမယ့် ဧပြီ ၃၀ ရက် မနေ့က ညပိုင်းမှာ အဲဒီတောင်ကုန်းကတဆင့် မကွေးဘက်ကို ထပ်မံတပ်ဆုတ်နေတယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေးစတင်ခဲ့တဲ့အချိန်ကစပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ ၂၇၄ ကြိမ် ပြုလုပ်ခဲ့ကာ စစ်ကူ အင်အား ၅၀၀ ကျော်ကို လေကြောင်းနဲ့ ၄ ကြိမ် ချပေးခဲ့သလို လေကြောင်းနဲ့ စစ်ကူပစ္စည်း ၃၆ ကြိမ် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“လောလောဆယ် သိမ်းဆည်းရမိတဲ့ လက်နက်တွေကတော့ အလက် ၂၀၊ ၃၀ ကျော်တယ်။ ဆက်လက်ပြီးမှ လည်း နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတုန်း ဆုတ်ခွာထွက်ပြေးသွားတဲ့ စကစတွေကလည်း ရှိနေ တုန်းဆိုတော့ လုံခြုံရေးတော့ လုံးဝစိတ်ချရတဲ့ အနေထား မရှိသေးဘူး။” လို့ CNC Mindat အဖွဲ့ဝင် ဆလိုင်းယောမာန် က ပြောပါတယ်။

ကျင်ဒွေးမြို့သိမ်း တိုက်ပွဲအတွင်း MA 1 ၄ လက်၊ ကာဘိုင် ၅ လက်၊ MA 11 ၂ လက်၊ MA 3 ၅ လက်၊ ရိုင်ဖယ် ၃ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁လက်၊ M 79 ၁ လက်၊ MA 2 ၂လက်၊ စက်ကလေး ၂ လက် စတဲ့လက်နက်တွေ အပါအဝင် သေနတ် ၂၀ ကျော် သိမ်းမိထားတယ်လို့ သိရပါတယ်။

“ကျင်ဒွေးတိုက်ပွဲကတော့ ပေးဆပ်မှုကြီးကြီးမားမားနဲ့ ရခဲ့တာလို့ ပြောလို့ရပါတယ်။ ထိခိုက်ကျဆုံး အရေတွက်ကတော့ ထုတ်ပြန်လို့ မရသေးဘူး။ ဘာပဲဖြစ်ဖြစ် စကစကလည်း အထိခိုက် အကျဆုံးများစွာ ရှိခဲ့ပါတယ်။” လို့ CNC Mindat အဖွဲ့ဝင် ဆလိုင်းယောမာန် က ပြောပါတယ်။

ကျင်ဒွေးမြို့ကို ၂၀၂၃ ဒီဇင်ဘာထဲက မြို့သိမ်းအနေနဲ့ ပထမအကြိမ် တိုက်ခိုက်ခဲ့ကြပြီး အဲဒီအချိန်ထဲက ကျင်ဒွေးမြို့ပတ်လည်မှာရှိတဲ့ ကျေးရွာ ၂၀ ကျော် စစ်ဘေးရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

ကျင်ဒွေးမြို့ဟာ ချင်း၊ ရခိုင်၊ မကွေးနယ်စပ်မှာရှိနေပြီး နယ်မြေအရ အချက်အချာကျပေမယ့် လမ်းပန်းဆက် သွယ်ရေး မဖွံ့ဖြိုးသေးတဲ့ဒေသတခုလည်းဖြစ်ပါတယ်။ 

ကျင်ဒွေးမြို့ကို ၂၀၁၈ မှာ  ရွာအဆင့်ကနေ ရပ်ကွက် ၄ ခုပါဝင်တဲ့ မြို့အဆင့်ကို ပြောင်းလဲ သတ်မှတ်ပေးခဲ့တာ ဖြစ်ပြီး ကန်ပက်လက်မြို့နဲ့ ၅၇ မိုင်ခန့်ကွာဝေးကာ မင်းတပ်၊ ပလက်ဝ၊ မတူပီစတဲ့မြို့တွေနဲ့ ထိစပ်နေတဲ့ စီးပွားရေးလမ်းကြောင်းရှိရာ မြို့တခုဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ချင်းပြည်နယ် #ကန်ပက်လက် #ကျင်ဒွေးမြို့ #စစ်ကောင်စီ #သုံ့ပန်း #CNC

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10