ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး မြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်

ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး မြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်

မကွေးတိုင်းနဲ့ ချင်းပြည်နယ် အစပ်မှာရှိတဲ့ ကျင်ဒွေးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပေမယ့် မြို့အနီးဝန်းကျင်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။

မတ် ၇ ရက်ကတည်းက ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေတာဖြစ်ပြီး စစ်ဆင်ရေး တလကျော်အကြာ ဒီကနေ့ ဧပြီ ၃၀ ရက်မှာတော့ မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် မြို့အနီးဝန်းကျင်းမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ 

“အောင်မြင်မှုတော့ ရှိပါတယ်။ မပြီးစီးသေးပါဘူး။ အခုချိန်မှာ အခြေအနေက ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။” လို့ ရဲဘော်တဦးက ပြောပါတယ်။

ကျင်ဒွေးမြို့ပြင်တဝိုက်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာဖို့ရှိပြီး စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၂၀၀ ကျော်က မြို့ပြင်တောင်ကုန်းမှာ နေရာယူထားကာ ပစ်ခတ်မှုဖြစ်နေဆဲလို့ ဆိုပါတယ်။

“မြို့ထဲမှာတော့ မရှိတော့ပေမယ့် မြို့နဲ့ မနီးမဝေးမှာ ရှိနေသေးတယ်၊ တိုက်ပွဲက ပိုပြီးတောင် ပြင်းထန်လာနိုင်တယ်၊ ဘာလို့ဆို မြို့ထဲက ဆုတ်သွားတဲ့သူတချို့ရှိမယ်၊ ရဟတ်ယာဥ်နဲ့ ချထားတဲ့ စစ်ကြောင်းရှိမယ်၊ အဲ့ ၂ ခု ပေါင်းပြီး ထိတွေ့မှု ဆက်တိုက်ဖြစ်နေတာတော့ရှိတယ်။ ” လို့ မြေပြင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတချို့ ရှိသလို လက်နက်တချို့လည်း သိမ်းဆည်းရမိထားတာတွေရှိတယ်လို့ သိရပါတယ်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်၊ CDF၊ ယောကာကွယ်ရေးတပ်၊ ဂန့်ဂေါခရိုင် တပ်ရင်းတခုနဲ့အတူ အာရက္ခတပ်တော်(AA)လည်း ပါဝင်တိုက်ခိုက်နေပြီး အညာဒေသအဖွဲ့တခုဖြစ်တဲ့ Generation Z Army အဖွဲ့လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကျင်ဒွေးမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ဖို့ ၂၀၂၃ ဒီဇင်ဘာလမှာ CDF တပ်တွေနဲ့ PDFတပ်တွေ ပူးပေါင်းကာ ပထမအကြိမ် တိုက်ပွဲဖော်ဆောင်ခဲ့ဖူးပြီး စခန်းရကာနီးမှ လေကြောင်းအကူကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ ဧပြီ ၂၃ ရက်မှာ Chin National Organization က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဧပြီ ၂၃ ရက် ထုတ်ပြန်ချက်မှာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ကူညီအားဖြည့်ပေးတဲ့ အာရက္ခတပ်တော် ကိုလည်း ကျေးဇူးတင်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကူဖြည့်တင်းမှုတွေကြားကနေ ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်တဲ့ထိ မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ တိုက်ခိုက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ပုံစာ - ကျင်ဒွေးမြို့ထဲက စစ်ကောင်စီနောက်ဆုံး ခံစစ် ဘန်ကာစခန်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေး #ချင်းပြည်နယ် #ကျင်ဒွေးမြို့ #CDF #PDF #လေကြောင်း #ChinNationalOrganization #မြို့သိမ်းတိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10