စစ်ကိုင်းတိုင်းမှာ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်းမှာ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကသာ၊ ဘုတလင်၊ မုံရွာမြို့နယ်တို့မှာ မေလ ၁ ရက်ကနေ ၅ ရက်အတွင်း မိုးကြိုးပစ်ခံရပြီး လူ ၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁ ရက်ညနေပိုင်းမှာ မုံရွာမြို့နယ်အတွင်း လေပြင်းတိုက်ပြီးမိုးကြိုးပစ်လို့ မုံရွာမြို့၊ မြဇီးခြံရပ်ကွက်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အဲ့ဒီနေ့မှာတင် ဘုတလင်မြို့နယ်၊ ကံသစ်အနောက်တောရွာမှာလည်း မိုးသက်လေပြင်းတိုက်ပြီး မိုးကြိုးပစ်လို့ အသက် ၃၀ အရွယ်အမျိုးသား ၁ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ပါတယ်။

အလားတူ မေလ ၂ ရက်မှာ ဘုတလင်မြို့နယ်၊ အုပ်အိုင်ရွာက အမျိုးသား ၁ ဦးနဲ့ မေလ ၅ ရက်ညနေပိုင်းမှာ ကသာမြို့နယ်၊ ဂျပန်ကျွန်းစုကျေးရွာက ၃၉ နှစ်အရွယ် ဦးမိုးဟိန်းထွန်းတို့  မိုးကြိုးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"မြေပဲသိမ်းပြီး လယ်ထဲကနေပြန်လာတာ။ နေပူရာကနေ မိုးကရုတ်တရက်ရွာချပြီး မိုးကြိုးပါပစ်တာ။ သူက ကွင်းလမ်းမှာဆိုတော့ ထီးထီးကြီးဖြစ်နေလို့ ထိသွားတာ"လို့ ဦးမိုးဟိန်းထွန်း သေဆုံးမှုနဲ့ပတ်သက်ပြီး ဒေသခံတဦးကပြောပါတယ်။

ဦးမိုးဟိန်းထွန်းဟာ သူ့ရဲ့လယ်ကနေပြန်လာချိန် မိုးကြိုးထိမှန်ခဲ့တာဖြစ်ပြီး သူနဲ့အတူပါလာတဲ့ နွား ၄ ကောင်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

အဆိုပါရက်တွေအတွင်းမှာ မိုးရွာလေပြင်းတိုက်လို့ မုံရွာမြို့နယ်အတွင်းက အိမ်ခြေရာချီ အမိုးလန် ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မိုးကြိုးပစ် #သေဆုံး #သဘာဝဘေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10