စစ်ကြောင်းကိုရိက္ခာထောက်ပံ့ဖို့ဆိုကာ လုပ်ငန်းရှင်တွေကိုစစ်တပ်ထဲခေါ်ပြီး သိန်းဆယ်ချီတောင်း

စစ်ကြောင်းကိုရိက္ခာထောက်ပံ့ဖို့ဆိုကာ လုပ်ငန်းရှင်တွေကိုစစ်တပ်ထဲခေါ်ပြီး သိန်းဆယ်ချီတောင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲမှာ စစ်ကြောင်းဝင်နေတဲ့ စစ်ကောင်စီတပ်သားတွေအတွက် ရိက္ခာ ထောက်ပံ့ဖို့ဆိုကာ လုပ်ငန်းရှင်တွေဆီကနေ စစ်တပ်က သိန်းဆယ်ချီတောင်းနေတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ရွှေကျင်မြို့နယ်အတွင်းက ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သူ၊ သစ်လုပ်ငန်းရှင်၊ ဆီဆိုင်၊ စားသောက်ဆိုင်၊ ချဲဒိုင်၊ ယမကာဆိုင်ပိုင်ရှင်တွေအပါအဝင် လုပ်ငန်းရှင်အများစုကို စစ်ကြောင်းအတွက် ရိက္ခာထောက်ပံ့ရာမှာ လိုအပ်တဲ့ငွေထည့်ပေးကြဖို့ ဧပြီ ၂၅ ရက်မှာ ရွှေကျင်မြို့စစ်ဗျူဟာတပ်ထဲကိုခေါ်ပြီး ပြောခဲ့တာလို့ဆိုပါတယ်။

"မြို့နယ်ထဲက လုပ်ငန်းရှင်အားလုံးကိုခေါ်ပြီးပြောတာ။ လုပ်ငန်းအကြီးအသေးအပေါ်မူတည်ပြီး ငွေထည့်ဝင်ကြဖို့ ပြောတယ်။ အကူအညီတောင်းတဲ့ပုံစံပြောပေမယ့်လည်း ငွေအမောက်(ပမာဏ)ကိုတော့ သတ်မှတ်တယ်။ မပေးရသေးတဲ့သူတွေလည်း ရှိတယ်"လို့ ဒေသခံလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လုပ်ငန်းအကြီးအသေးအပေါ်မူတည်ပြီး ငွေကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ ထိ တောင်းခံထားဖြစ်ပြီး လုပ်ငန်းရှင်တွေဘက်က မပေးချင်ကြပေမယ့် မပေးရင် အပြစ်ရှာဖမ်းဆီးခံရနိုင်တာကြောင့် ငွေကို နေ့တွင်းချင်းပေးသူတွေရှိသလို တပတ်အတွင်းပေးဖို့ တောင်းဆိုထားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

ဧပြီ ၂၄ ရက်ကစပြီး စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်ခန့်ဟာ ရွှေကျင်မြို့နယ်၊ သရက်ချောင်း၊ သံဆိပ်၊ အင်းဂနီကျေးရွာတဝိုက် စစ်ကြောင်းဝင်နေပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရိက္ခာတွေသယ်ဖို့ မြို့ပေါ်က လုပ်ငန်းရှင်တွေရဲ့ကားတွေကို ချောဆွဲပို့ဆောင်ခိုင်းတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်နေလို့ သရက်ချောင်း၊ သံဆိပ်၊ အင်းဂနီကျေးရွာအပါအဝင် အနီးအနားကျေးရွာ ၅ ရွာလောက်က ဒေသခံထောင်ချီလည်း ကျေးရွာတွေကနေ တိမ်းရှောင်နေကြရပါတယ်။

ပုံစာ - စစ်ဗျူဟာအဖွဲ့အခြေချ(ရွှေကျင်) ဗျူဟာမှူးနှင့် မြို့နယ်စစ်ကောင်စီအဖွဲ့များ ရွှေကျင်မြို့ပေါ်လမ်းပိုင်းတခု ဖွင့်ပွဲတက်ရောက်စဉ်( ပုံဟောင်း)။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #စစ်ကောင်စီ #ရိက္ခာ #ထောက်ပံ့ #ငွေတောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10