စစ်တပ်ဗိုလ်မှူးပိုင် ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ကို PDF က ဝင်ရောက်ပိတ်ပင်ခဲ့

စစ်တပ်ဗိုလ်မှူးပိုင် ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ကို PDF က ဝင်ရောက်ပိတ်ပင်ခဲ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းက စစ်တပ်ဗိုလ်မှူးပိုင် ကျော်ဇောသူ ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ကို မတ်လ ၁ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်ပိတ်ပင် တားဆီးခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ဆီက သိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာနဲ့ ကြက်ရိုးပင်ကျေးရွာ ကြားမှာရှိတဲ့ အဲ့ဒီရွှေတူးဖော်ရေး လုပ်ကွက်ဟာ စစ်ကောင်စီတပ်ရဲ့အငြိမ်းစားဗိုလ်မှူး မျိုးခိုင် ဆိုသူ ပိုင်ဆိုင်တာ ဖြစ်ပြီး သူက သပိတ်ကျင်းမြို့နယ် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ ထောက်တိုင်အဖြစ် ရပ်တည်နေလို့ သွားရောက်တားဆီးခဲ့တာလို့ အဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်က မြေလတ်အသံကို ပြောပါတယ်။



“ဒီရွှေလုပ်ကွက်က အရင်ထဲကတော့ လုပ်နေတာရှိတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီနဲ့ ပေါင်းပြီး ပေါ်ပေါ်တင်တင်တွေ လုပ်လာပြီးတော့ စကစထောက်တိုင်အဖြစ်ရပ်တည်နေတာ။ နောက်ပြီး ဒီလုပ်ကွက်အတွက် လုံခြုံရေးဆိုပြီး စစ်တပ် တပ်စိတ် ၁ စိတ်ကို တလ သိန်း ၃၀ လောက်ပေးပြီး ခေါ်ထားတာတွေ ရှိတယ်။ စစ်ကြောင်းထိုးဖို့ဆိုလည်း သူတို့ကုမ္ပဏီကားတွေ သုံးပြီးလိုက်ပို့တာ။” လို့ သူကပြောပါတယ်။

အငြိမ်းစားဗိုလ်မှူးမျိုးခိုင်ရဲ့ ကျော်ဇောသူ ရွှေတူးဖော်ရေးကုမ္ပဏီဟာ စစ်တပ်အငြိမ်းစားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ကုမ္ပဏီမန်နေဂျာနဲ့ လက်ထောက်မန်နေဂျာတွေကလည်း စစ်ကောင်စီတပ် အငြိမ်းစားဗိုလ်မှူးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။



ရွှေတူးဖော်ရေးလုပ်ကွက်ကို ဝင်ရောက်တားဆီးချိန်မှာ လုပ်ကွက်တာဝန်ရှိသူတွေက ထွက်ပြေးတိမ်း‌ရှောင်သွားလို့ သူတို့နေထိုင်တဲ့ ယာယီတဲအဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်ခြေအလုပ်သမား ၅၀ လောက်ကို စစ်ကောင်စီထောက်တိုင်ကုမ္ပဏီတွေမှာ အလုပ်မလုပ်ကြဘဲ ရှောင်ရှားဖို့ တော်လှန်ရေး အမြန်ပြီးဆုံးရေး တတ်နိုင်တဲ့ဘက်က ပါဝင်ဖို့ စည်းရုံးဟောပြောခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီလုပ်ဆောင်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)နှင့် Nine PDFတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်ထဲက ပျူစောထီးရွာဖြစ်တဲ့ ငပြင်းအင်းရွာကို ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေ မလုပ်ဆောင်ဖို့ စည်းရုံးဟောပြောနိုင်ခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10