စစ်မှုထမ်းဖို့လူငယ်တွေကိုစုပေးတဲ့ တပ်ကြပ်ကြီးဟောင်းသားအဖ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

စစ်မှုထမ်းဖို့လူငယ်တွေကိုစုပေးတဲ့ တပ်ကြပ်ကြီးဟောင်းသားအဖ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ပင်အင်းအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ တပ်ကြပ်ကြီးဟောင်းကို သေနတ်နဲ့ပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF က သတင်းထုတ်ပြန်ထားပါတယ်။

ညောင်ပင်အင်းရွာနေ ညောင်ပင်အင်းအုပ်စုအုပ်ချုပ်ရေးမှူး အသက် ၆၀ အရွယ် ကိုတင်ထွေးနဲ့ သားဖြစ်သူတပ်ကြပ်ကြီးဟောင်း ကျော်သူစိုးတို့ကို သဖန်းကိုင်းရွာအရှေ့ဘက် သဖန်းချောင်းလမ်းမှာ ဧပြီလ ၂ ရက် ည ၁၀ နာရီလောက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

 

“ကျနော်တို့က သူတို့သားအဖကို စစ်ဆေးဖို့ခေါ်လာတာ။ လမ်းမှာ ဆိုင်ကယ်ပေါ်ကထွက်ပြေးမယ် လုပ်လို့ ပစ်သတ်လိုက်ရတာ” လို့  ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

 

အဆိုပါ သားအဖကို သူတို့အိမ်ကနေ ည ၈ နာရီလောက်မှာ ဖမ်းဆီးခဲ့ပြီးနောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်မှုထမ်းဟောင်း ကဒ်တခု၊ မှတ်ပုံတင်တခု၊ ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစီးတို့ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

 

ဧပြီလ ၃ ရက် ဒီနေ့မနက်အထိ အလောင်းတွေဟာ အခင်းဖြစ်တဲ့နေရာမှာပဲရှိနေပြီး ဘယ်သူကမှ လာမကောက်ကြသေးဘူးလို့ အထက်ပါ ဝာာဝန်ခံကပြောပါတယ်။

 

ဦးတင်ထွေးနဲ့ သားဖြစ်သူတို့ဟာ ညောင်ပင်အင်းကျေးရွာအုပ်စုအတွင်းရှိ လူငယ်တွေကိုစစ်မှုထမ်းဖို့ စုဆောင်းတာအပြင် စစ်ကောင်စီတပ်တွေကိုပါသတင်းပေးတဲ့အတွက် တော်လှန်ရေးစန်းငယ်တခု စီးနင်း တိုက်ခိုက်ခံခဲ့ရသေးတယ်လို့ သူကဆက်ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၁ PPDF တပ်ခွဲ ၄ ပြည်တော်ဝင်အဖွဲ့ နဲ့ တပ်ခွဲ ၅ နွေဦးအဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

ပေါင်းတည်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဟာ မတ်လ ၃၀ ရက် ညနေကလည်း ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာသား စစ်ကောင်စီသတင်းပေးဆိုသူ ကိုနိုင်ကြီးကို လှည်နဲ့သူ့ရွာပြန်လာချိန် ပျံချီတက်ရွာနဲ့  သစ်ပုတ်ရွာကြားမှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

 

 

ပုံစာ - အုပ်ချုပ်ရေးမှူးနဲ့ သားအဖဆီက သိမ်းဆည်းခဲ့တဲ့ ပစ္စည်းများ။

 

 စာတည်း - လင်း

 

#မြေလတ်အသံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10