စစ်ရုံးချုပ်ကထွက်ပြေးတဲ့ အမျိုးသမီးတပ်ကြပ်ကြီး ၂ ဦးလွတ်မြောက်နေဆဲဖြစ်ပြီး၊ တပ်ပြေးအဖြစ် ကြေငြာခံထားရ

စစ်ရုံးချုပ်ကထွက်ပြေးတဲ့ အမျိုးသမီးတပ်ကြပ်ကြီး ၂ ဦးလွတ်မြောက်နေဆဲဖြစ်ပြီး၊ တပ်ပြေးအဖြစ် ကြေငြာခံထားရ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စစ်ကောင်စီလက်အောက် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)ကနေ ထွက်ပြေးသွားတဲ့ အမျိုးသမီး တပ်ကြပ်ကြီး/စာရေး ၂ ဦး လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးသွားသူတွေဟာ နေပြည်တော် စရဖ စစ်ရုံးချုပ်က အရေးကြီးအချက်အလက်တွေထိန်းသိမ်းထားတဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ်ကြီး/စာရေး ဝင်းပပအောင်နဲ့ သန္တာစိုးတို့ဖြစ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်းက စစ်ရုံးချုပ်ကနေထွက်ပြေးသွားတာဖြစ်ကာ လက်ရှိမှာသူတို့ ၂ ဦးကို တပ်ပြေးကြေငြာထားတယ်လို့ ဆိုပါတယ်။


“ဖေဖော်ဝါရီလဆန်းပိုင်းကခွင့်မဲ့စဖြစ်တာ၊ ခွင့်မဲ့ ၂၁ ရက်ဆို တပ်ပြေးကြေငြာတယ်။ တပ်ရင်းတွေမှာ ဆိုရင်တာ့ကြိတ်ရှာကြတာ ခွင့်မဲ့တော်တော်နဲ့မကြေငြာဘူး။ စစ်ရုံးထဲမို့ တန်းကြေငြာတာ။ သူတို့ကို အခုထိပြန်မိတာမျိုးတော့မကြားသေးဘူး” လို့ စစ်ရုံးချုပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီတပ်ကြပ်ကြီး/စာရေး အမျိုးသမီး ၂ ဦးဟာ စရဖ စစ်ရုံးချုပ်ရဲ့အရေးကြီးအချက်အလက်တွေထိန်းသိမ်းထားတဲ့ဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် ထွက်ပြေးသွားချိန်မှာ အရေးကြီးဒေတာတွေ ပါသွားနိုင်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ စစ်ဘက်အကြီးတန်းအရာရှိတွေက သူတို့ ၂ ဦးကို တွေ့တဲ့နေရာပစ်သတ်ဖို့အထိ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ထွက်ပြေးနေတဲ့အမျိုးသမီးတပ်ကြပ်ကြီး/စာရေး ၂ ဦးဟာ မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ ၄)မှာဖွင့်လှစ်တဲ့ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်း အမှတ်စဉ် ၃ ဆင်း တပ်ကြပ်ကြီးတွေဖြစ်ပြီး စစ်မှုထမ်းသက် ၇ နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်ရုံး (စရခ)ဟာ စစ်ကောင်စီလက်အောက် တိုင်းစစ်ဌာနချုပ်တွေရဲ့ စစ်ဘက်ရေးရာလုံခြုံရေးဌာန(စရန)၊ စရဖသင်တန်းကျောင်း၊ စစ်ကြောရေးတွေအပါအဝင် စရဖတပ်အားလုံးကိုကွပ်ကဲနေတဲ့ စစ်ရုံးချုပ်ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကို အသွင်အမျိုးမျိုးနဲ့ဖမ်းဆီးနေတဲ့ အဓိကတပ်ဖွဲ့တခုလည်းဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10