ဆင်တဲ ကပစ ၃ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ထွက်ပြေးနေပြီး စက်ရုံမှူး ဗိုလ်မှူးကြီး မောင်မောင်စိုးက သတင်းဖုံးထား

ဆင်တဲ ကပစ ၃ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ထွက်ပြေးနေပြီး စက်ရုံမှူး ဗိုလ်မှူးကြီး မောင်မောင်စိုးက သတင်းဖုံးထား

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာအခြေစိုက် အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၃)ကနေ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် တပ်ကိုစွန့်ခွာထွက်ပြေးနေတယ်လို့ ကပစ ၃ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထွက်ပြေးနေသူတွေဟာ တပ်သားအဆင့်ကနေ တပ်ကြပ်ကြီးအဆင့်အထိ  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်ကာ အများစုဟာ တပ်တွင်းဖိနှိပ်မှုတွေကြောင့် ထွက်ပြေးကြတာဖြစ်ပြီး အဲ့ဒီတပ်အကြီးတန်းအရာရှိတွေက တပ်ပြင်ထွက်ခွင့်ကို တင်းကျပ်စွာ ပိတ်ဆို့ထားပေမယ့် တပ်ကိုစွန့်ခွာထွက်ပြေးမှု များပြားလာတာလို့ ဆိုပါတယ်။

“ နည်းပေါင်းစုံနဲ့ကိုပြေးတာ Outpass(တပ်ပြင်ထွက်ခွင့်) ထွက်မယ်ဆိုပြီး အဝတ်တထည်ကိုယ်တခုနဲ့ ထွက်သွားပြီး ပြန်မလာတော့ဘူး။ Outpass ကလည်း ပုံမှန်ပေးတာ မဟုတ်ဘူး သူတို့စိတ်ကြည်မှ တခါတလေပေးတာ။ နောက်ပြီး တပ်ပြင်ဂိတ်တွေမှာ ကင်းလုံခြုံရေးကျနေတာကနေလည်း လစ်သလို ပြေးကြတာ” လို့ ကပစ ၃ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။ 

ထွက်ပြေးနေသူတွေဟာ တဦးချင်း အစီအစဉ်နဲ့ စွန့်ခွာထွက်ပြေးကြသလို ၂ ဦးတွဲ ၃ ဦးတွဲ ထွက်ပြေးကြပြီး ကပစ ၃ တပ်အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ၊ စစ် သည် ၁၀၀၀ နီးပါးရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်ဦးရေ ၂၀ ကျော် ထွက်ပြေးတာကို ကောင်းစွာဖုံးဖိထားနိုင်တယ်လို့ ဆိုပါတယ်။

ကပစ ၃ စက်ရုံမှူးဟာ ဗိုလ်မှူးကြီး မောင်မောင်စိုး ဆိုသူဖြစ်ပြီး အဲ့ဒီထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အထက်ကိုမတင်ပြဘဲ သတင်းဖုံးဖိထားကာ စစ်သည်တွေရဲ့ လစာ၊ ရိက္ခာနဲ့ ဦးပိုင်အမြတ်ငွေတွေကို ထုတ်ယူပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေတယ်လို့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ကပစ ၃ စက်ရုံမှူး ဗိုလ်မှူးကြီး မောင်မောင်စိုး အပါအဝင် တပ်အကြီးတန်းအရာရှိတွေဖြစ်တဲ့ အုပ်ချုပ်မှုအရာရှိ ဗိုလ်မှူး/ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီး ရာဇာထွန်းနဲ့ လုံခြုံရေးတာဝန်ခံ ဗိုလ်ကြီး အာကာဖြိုးဝင်းတို့ဟာ အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို တပ်တွင်းပိတ်ဆို့ထားပြီး အနိုင်ကျင့် ဖိနှိပ်မှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ စစ်ကောင်စီတပ်က ကပစ တပ်ဖွဲ့ဝင်တွေကိုပါ ရှေ့တန်းပို့ဆောင်နေလို့ ကပစ ၃ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တိုက်ခိုက်ရေးတာဝန်တွေလုပ်ဆောင်နေရပြီး တပ်အရာရှိတွေကလည်း ဖိနှိပ်နေတာကြောင့် အခုလို တပ်ကိုစွန့်ခွာထွက်ပြေးမှုတွေများပြားနေတာလို့ သိရပါတယ်။

အောက်တိုဘာလ တတိယအပတ်အတွင်းမှာပဲ ကပစ ၇ ကနေ တိုက်ခိုက်ရေးပို့ဆောင်ခံရတဲ့ တပ်ကြပ်ကြီး ၁ ဦး စစ်မတိုက်ဘဲတပ်ကိုပြန်လာလို့ အဲ့ဒီစစ်တပ်က ရိုက်နှက် နှိပ်စက်စစ်ဆေးရာကနေ သေဆုံးမှုဖြစ်ပွားခဲ့ပါသေးတယ်။

#မြေလတ်အသံ

#ပန်းတောင်း #ဆင်တဲ #ကပစ၃ #စစ်ကောင်စီတပ်ဖွဲ့ဝင် #ထွက်ပြေးမှု #များပြားနေ #စက်ရုံမှူး #ဗိုလ်မှူးကြီး #မောင်မောင်စိုး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10