ညောင်ဦး-ချောက်လမ်းက ကားတစီးပေါ်မှ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဖမ်းဆီး

ညောင်ဦး-ချောက်လမ်းက ကားတစီးပေါ်မှ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာအနီး ညောင်ဦး-ပုဂံ-ချောက်ကားလမ်းပေါ်မှာ လက်နက်တွေဝှက်သယ်လာတဲ့ကား ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ ချောက်ဘက်ကနေ မောင်းလာတဲ့ လိုက်ထရပ်အဖြူရောင်ယာဥ်ကို စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လက်နက်တွေ ဖမ်းဆီးခံရတယ်လို့တော့ သိရတယ်။ ကားအောက်ကြမ်းခင်းထဲမှာ ထည့်ပြီးလာတာတဲ့။ ကားကတော့ ရန်ကုန်ဘက်က ကားလို့တော့ သိရတယ်။ ဘယ်နှစ်လက် ဘယ်လောက်ဖမ်းခံထိတယ် ဆိုတာကတော့ မသိရဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခံရတဲ့ ကားပေါ်မှာတော့ ယာဥ်မောင်းနဲ့အတူ အမျိုးသားစုစုပေါင်း ၂ ဦးသာ ပါဝင်ပြီး သူတို့ကို စစ်ကောင်စီအဖွဲ့က ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖမ်းဆီးရမိတဲ့လက်နက်တွေကို တင်ဆောင်လာသူတွေဟာ အောင်ဖြိုးလွင် ၂၇ နှစ်၊ လှိုင်သာယာနေသူနဲ့ ကျော်ဇင်ဟိန်း ၃၈ နှစ် လှိုင်သာယာနေသူ တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရချိန်မှာ အဆိုပါ ကားပေါ်မှာ MA 16b သေနတ် ၁ လက်၊ ကျည်အိမ် ၁၁ ခု၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ၆၆ မမ ဗုံးသီး ၁၇ လုံး၊ MA 7 လက်လုပ်စိန်ပြောင်း ၂ လက်၊ ဒေါက် ၁ ခု၊ ၁၂ ဗို့ကျည် ၇၀၀ တောင့်၊ 9mm ကျည် ၁၀၅၀ တောင့်အပါအဝင် ကျည်ဆံမျိုးစုံ အတောင့် ၅၀၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပေမယ့် အတည်ပြုနိုင်ဖို့ မြေလတ်အသံက စုံစမ်းနေပါတယ်။

အဲဒီလက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေဟာ ဘယ်အဖွဲ့က ပိုင်ဆိုင်တယ်ဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မန္တလေးတိုင်းထဲမှာ မကြာခဏဆိုသလို UG အဖွဲ့တွေ ဖမ်းဆီးခံရတာ လက်နက်တွေ ဖမ်းမိတာရှိနေပြီး အဲဒီကိစ္စရပ်တွေဟာ ဖမ်းဆီးခံရသူတွေက စစ်ကောင်စီအဖွဲ့ရဲ့  ညှင်းပန်းနှိပ်စက်လို့ ထုတ်ဖော်ပြောဆိုရတာတွေကြောင့် ဖြစ်သလို ဒလန်သတင်းပေးတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10