တပခတိုင်းမှူး ရာထူးတိုးနဲ့ နေပြည်တော်ကိုပြောင်းရွှေ့၊ ပြည် ဒကစမှူး နေရာကိုလည်း အပြောင်းအလဲလုပ်

တပခတိုင်းမှူး ရာထူးတိုးနဲ့ နေပြည်တော်ကိုပြောင်းရွှေ့၊ ပြည် ဒကစမှူး နေရာကိုလည်း အပြောင်းအလဲလုပ်

တောင်ငူမြို့အခြေစိုက်ပြီး ပဲခူးတိုင်းအတွင်း စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ စစ်ကောင်စီတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း ကို ဒု-ဗိုလ်ချုပ်ကြီး အဆင့်ကို တိုးမြှင့်ပေးပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် (လကခချုပ်) အဖြစ် ခန့်အပ်လိုက်တယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
လေ့ကျင့်ရေးအရာရှိချုပ်ဟာ စစ်ဦးစီးလက်ရုံးဝန်ထမ်းတပ်တွေဖြစ်တဲ့ လေ့ကျင့်ရေးကျောင်း၊တပ်တွေကို ကွပ်ကဲရတာဖြစ်ပြီး ယခင် လေ့ကျင့်ရေးအရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ်ပြောင်းရွှေ့သွားတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်လို့ အဲ့ဒီလေ့ကျင့်ရေးအရာရှိချုပ် နေရာဟာ လစ်လပ်နေ တာဖြစ်ပါတယ်။

 
မေလ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာရွာမှာ ကလေးငယ်တွေအပါအဝင် ၁၈ ဦး အစုလိုက်အပြုံလိုက်မီးရှို့အသတ်ခံရမှုဖြစ်စဉ်တွေအပါ အဝင် ပဲခူးတိုင်းအတွင်းက မီးရှို့သတ်ဖြတ်မှုတွေဟာ ဗိုလ်ချုပ် ထိန်ဝင်း စစ်တိုင်းမှူး တာဝန်ယူထားစဉ်ဖြစ်ပွားခဲ့တာပါ။
 
တပခတိုင်းမှူးနေရာကိုတော့ သံတောင်ကြီးအခြေစိုက် တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကြည်သိုက် ကို ခန့်အပ်တယ်လို့ သိရပါတယ်။
 
DSA အပတ်စဉ် ၃၉ ဆင်း ဗိုလ်မှူးချုပ် ကြည်သိုက် ဟာ တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီးတာဝန်မယူမီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နဲ့ ရွှေဘိုခရိုင် အတွင်း စစ်ကြောင်းထိုးနေတဲ့ တိုက်ကြီးမြို့နယ်အခြေစိုက် အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၄) မှူးအဖြစ် ကိုင်တွယ်ခဲ့သူပါ။
 
ရေဦးမြို့နယ်၊ မုန်တိုင်ပင်ရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်း မီးရှို့သတ်ဖြတ်မှုတွေကို ၄င်းစကခမှူးအဖြစ်တာဝန်ယူစဉ်ကာလမှာလည်း လုပ်ဆောင်ခဲ့သလို လက်ရှိအထိလည်း လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
 
အလားတူ ပဲခူးတိုင်း(အနောက်ခြမ်း) ကို ကွပ်ကဲနေတဲ့ ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) (ဒကစ-ပြည်) ဒကစမှူး နေရာကိုလည်း အပြောင်းအလဲ လုပ်ခဲ့ပါတယ်။
 
ယခင် ဒကစမှူး အလုပ်သင်ဗိုလ်အပတ်စဥ် ၂၁ ဆင်း ဗိုလ်မှူးချုပ် အောင်နိုင်ဦး ကို စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ - ကလေး) ဒကစမှူးအဖြစ် ပို့ဆောင်လိုက်ပြီး ပြည် ဒကစမှူးနေရာကိုတော့ စစ်တွေ အခြေစိုက် ဒကစ(စစ်တွေ) ဒကစမှူး DSA အပတ်စဥ် ၃၇ ဆင်း ဗိုလ်မှူးချုပ် ဆန်းဌေးမောင် ရောက်ရှိလာတာဖြစ်ပါတယ်။
 
ယခင် ဒကစ ကလေး ဒကစမှူး အလုပ်သင်ဗိုလ် ၂၄ ဆင်း ဗိုလ်မှူးချုပ် သန့်စင်ဦးက မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၃) စကခမှူး အဖြစ် ပြောင်းရွှေ့ခံ လိုက်ရပါတယ်။
 
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ကောင်စီကို သက်တမ်း ၆ လ ထပ်မံတိုးမြှင့် ပြိီးနောက် ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီး နေရာအပါအဝင် ဝန်ကြီးဌာန နေရာ တချို့ကို အပြောင်းအလဲလုပ်ဆောင်ခဲ့ပြီး စစ်ဘက်ထပ်ပိုင်းနေရာတချို့ကိုလည်း အပြောင်းအလဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
 
ပုံစာ ၁ - ယခင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း။
ပုံစာ ၂ - ယခင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒကစမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10