တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာမရှိဘူးလို့ စစ်ကောင်စီပြော

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာမရှိဘူးလို့ စစ်ကောင်စီပြော

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသွားစရာမရှိဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

ဩဂုတ် ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက်  စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုသတင်းတွေနဲ့ပတ်သက်လို့  တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ပေါ်ပေါက်လာဖို့ ရှိ၊ မရှိ မေးမြန်းမှုအပေါ်  အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားသူတွေအနေနဲ့ တွေ့ဆုံဆွေးနွေးလို တယ်ဆိုရင် အကြမ်းဖက်လုပ်ရပ်တွေ မလုပ်တော့ကြောင်း ကမ္ဘာသိကြေငြာရမယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့ EAO အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကိုသာ လုပ်ဆောင်မှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုလည်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ကြောင်း ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး နိုင်ငံရေးထွက်ပေါက်ရှာဖွေဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းအကြား သုံးသပ်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ နိုင်ငံတဝှမ်း နေရာဒေသအများအပြားမှာ စစ်မျက်နှာဖွင့်ထားရပြီး မြေ ပြင်တိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးတွေများပြားနေကာ ဘက်ပေါင်းစုံမှာ အကြပ်အတည်း ဆိုက်ရောက်နေတာလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ လာမယ့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တော်လှန်ရေးကို အပြီးသတ်နိုင်မယ်လို့ RFA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #သတင်းစာရှင်းလင်းပွဲ #တွေ့ဆုံဆွေးနွေးရေး #PDF #တော်လှန်ရေး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10