ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးလာတဲ့ တပ်မ ၁၀၁ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်က PDF စခန်းမီးရှို့ပြီး ကံသစ်ရွာပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးလာတဲ့ တပ်မ ၁၀၁ က ကား ၃ စီးကို ဒရုန်းနဲ့ ဗုံးကြဲတဲ့အပြင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီက သိရပါတယ်။ 

တပ်မ ၁၀၁က ကား ၃ စီးကို မြိုင်မြို့နယ်၊ ကန်တော်နဲ့ ကံသစ်ရွာအကြားမှာ မေလ ၈ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်မှာ ၁ ကြိမ်၊ ကန်တော်ရွာမှာ ညနေ ၄ နာရီ ၁ ကြိမ်  စုစုပေါင်း ၂ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ဒရုန်းဗုံးသီး အလုံး ၂၀ ကြဲကျခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကံသစ်ရွာအနီးကို ဝင်ရောက်စီးနင်းခဲ့ပြီး ပစ္စည်းတွေကိုလည်း ယူဆောင်သလို မယူနိုင်တာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီဘက်ကနေ နင်းမိုင်း ၁ လုံး ၊ G-3 ကျည် ၃၀ တောင့် ၊ ခွန်းဗုံးသီး ၂ လုံး ၊ စစ်ဦးထုပ် ၁ လုံး ၊ ဓာတ်မီး ၁ လက် ၊ ဖုန်း ၂ လုံး ၊ ၄၀ မမ ၁၄ လုံး ၊ MA ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၅၀ တောင့် တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ကမ္မတပ်ပေါင်းစု (KGF)၊ ကမ္မတပ်ပေါင်းစု တပ်ခွဲ ၂၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀၊ PDF ကမ္မ တပ်ခွဲ ၁/၂/၃၊ တပ်ရင်း ၁၃၊ PKU ပကဖ၊ Pakokku People`s Defense Force၊ The Red Revolperf၊ PKU Red Giant၊ ကမ္မတပ်ပေါင်းစု၊ PKU Thurain၊ DMG (ဓားမင်းကြီး)၊ Red Dragon၊ Black Cobra၊ Kamma Underground၊ Kamma People Defense Force (KMDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

စစ်ကြောင်းဟာ ညောင်ဂျစ်ပင်ရွာသား အသက် ၄၂ အရွယ် ကိုအောင်ဇော်ဦးနဲ့ ကံသစ်ရွာသား အသက် ၄၅ အရွယ် ကိုနန်းအောင်တို့ကို ပါးစပ်ထဲသေနက်ပြောင်းထည့်ပြီး ပစ်သတ်ကာ ဖမ်းဆီးထားသူတွေကိုတော့ မေ ၈ ရက် ညနေ ၄ နာရီခွဲမှာ ကန်တော်ရွာကနေ ပခုက္ကူမြို့ တပ်မ ၁၀၁ ထဲကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

တည်းဖြတ် - ငြိမ်းဇော်

#မြိုင်  #ဖမ်းဆီးသွား #ဒေသခံ၃၀နီးပါး #တပ်မ၁၀၁ #တိုက်ခိုက်ခံရ #ထိခိုက် #စစ်အုပ်စု #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10