နတ်မောက်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်လို့ နေအိမ် ၂ လုံးပျက်စီး

နတ်မောက်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်လို့ နေအိမ် ၂ လုံးပျက်စီး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဆည်လယ်အုပ်စု၊ လယ်ကျင်းကောင်းရွာမှာ မိုးသက်လေပြင်းတိုက်လို့  နေအိမ်  ၂ လုံး ပျက်စီးသွားတယ်လို့  ဒေသခံတဦးက ပြောပါတယ်။ 

နတ်မောက်မြို့နယ်၊ ဆည်လယ်အုပ်စု၊ လယ်ကျင်းကောင်း‌ကျေးရွာမှာ မေ ၂ ရက် မနေ့ ညနေ  ၃ နာရီကျော်က နာရီဝက်ကျော်ကြာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာလို့ ဆိုပါတယ်။

”အခုတိုက်တဲ့လေက သင်္ကြန်အပြီးမှာ ပထမဆုံးတိုက်တဲ့ လေပါ။ မိုးရော လေရော တခါတည်းပါလာတာ  တော်တော်ပြင်းတယ်။ အမိုးအကာတွေ ပြုတ်ထွက်သွား‌အောင် တိုက်တာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

အခုတိုက်တဲ့ လေဟာ သင်္ကြန်အပြီးမှာ ပထမဆုံးတိုက်တဲ့လေဖြစ်ပြီး အရင်နှစ်တွေက ခုလိုတိုက်ခတ်မှုမျိုး မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ပျက်စီးခဲ့တဲ့ နေအိမ်က မိသားစုဝင်တွေဟာ မနေ့ညကတော့ အိမ်နီးချင်းတွေရဲ့ နေအိမ်မှာ ညအိပ်ခဲ့ရသလို လက်ရှိမှာ ပျက်စီးသွားတဲ့ နေအိမ် ၂ လုံးကိုလည်း ရွာသားတွေကပဲ ပြန်လည်ပြုပြင်ပေးနေတယ်လို့  ဆိုပါတယ်။

မိုးသက်လေပြင်းတိုက်ခတ်လို့  နေအိမ်ပျက်စီးမှုရှိ‌ပေမယ့် လူနဲ့တိရိစ္ဆာန်ထိခိုက်တာမျိုးတော့မရှိဘူးလို့  ပြောပါတယ်။

မေ ၁ ရက်ကလည်း မြန်မာနိုင်ငံအလယ်ပိုင်းက မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ အရာတော် စတဲ့မြို့နယ်တွေမှာလည်း မိုးသက်လေပြင်းတိုက်ခတ်လို့ ဘာသာရေးအဆောက်အအုံအပါ နေအိမ် ၃၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး သစ်ပင်အချို့ လဲပြိုကျခဲ့သလို အသက် ၁၂ နှစ် အရွယ် ယောက်ျားလေးတဦးလည်း သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - မိုးသက်လေပြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #နတ်မောက်မြို့နယ် #ဆည်လယ်အုပ်စု #လယ်ကျင်းကောင်းရွာ #မိုးသက်လေပြင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10