နာမည်ဆိုးနဲ့ကျော်ဇောတဲ့ နယ်ထိန်းရဲ  ၂ ဦး ကျောက်ကြီးကိုစစ်ကူသွားဖို့ မဲပေါက်လို့ ထွက်ပြေး(ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့မရဲစခန်းမှာ တပ်ကူပို့ဖို့ မဲပေါက်တဲ့ နယ်ထိန်းရဲ  ၂ ဦး ထွက်ပြေးသွားတယ်လို့  ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဇီးကုန်းမြို့မ ရဲစခန်းမှာ တာဝန်ကျတဲ့ ဇီးကုန်းမြို့  အမှတ်  ၅ ရပ်ကွက်က နယ်ထိန်းရဲ ကိုဝင်းနဲ့ အမှတ် ၄ ရပ်ကွက် နယ်ထိန်းရဲ သက်မောင်မောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်ထိန်းရဲ ကိုဝင်းဟာ မေလ  ၃ ရက်က ထွက်ပြေးတာဖြစ်ပြီး သက်မောင်မောင် ကတော့ မေလ ၅ ရက် ဝန်းကျင်လောက်က ထွက်ပြေးသွားတာပါ။

သူတို့  ၂ ဦးဟာ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်ထဲကို တပ်အကူပို့ဖို့ ရဲစခန်းအတွင်း မဲဖောက်ရာမှာမဲပေါက်ခဲ့လို့ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။ 

“ကိုဝင်းက မဲအရင်ပေါက်တာမှာ မသွားပဲ နောက်မိန်းမနဲ့ ထွက်ပြေးသွားလို့  မဲထပ်နှိုက်တာမှာ သက်မောင်‌မောင် က မဲပေါက်တယ် ဒါနဲ့ သူလည်း ထွက်ပြေးသွားတာ" လို့ အဲဒီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီ ရဲနှစ်ဦးဟာ မိသားစုတွေကို ရဲစခန်းလိုင်းခန်းမှာထားကာ ထွက်ပြေးတာဖြစ်ပြီး  ဘယ်ကိုထွက် ပြေးတယ်ဆိုတာတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားတဲ့ နယ်ထိန်းရဲ  ၂ ဦးဟာ နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပမ်းနှိပ်စက်ရာမှာ နာမည်ဆိုးနဲ့ ကျော်ဇောသလို နိုင်ငံရေး အကျဉ်းသား မိသားစုဝင် မိန်းမပျိုတွေကို မဖွယ်မရာပြုမှုပြောဆို ကိုင်တွယ်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေမှာရှိတဲ့ ကျောက်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ စခန်းတွေ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီတပ်ရင်းတွေအခြေစိုက်တဲ့ မုန်း၊ နတ်သံကွင်းမြို့ တွေကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၅ ရက်ကတော့ အဲဒီရဲစန်းက ရဲတပ်သား ဇင်ထက်အောင် ဟာ    BA G4  စက်သေနတ်ကလေး ၁ လက်၊ ကျည်ဘောက် ၄ ခု ကျည်ဆံ ၁၂၀ တောင့်နဲ့ အတူ  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK တပ်ဖွဲ့ဆီကို ဇနီးနဲ့ အတူ အလင်းဝင်ခဲ့ပါသေးတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10