နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်နေပြီး ရှမ်းမြောက်နဲ့ရခိုင်မှာ သာလွန်အင်အားနဲ့ တိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား

နိုင်ငံအဝှမ်းတိုက်ပွဲဖြစ်နေပြီး ရှမ်းမြောက်နဲ့ရခိုင်မှာ သာလွန်အင်အားနဲ့ တိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရခိုင်ပြည်နယ်က တပ်စခန်းတွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရပြီး နိုင်ငံအနှံ့မှာ တိုက်ခိုက်ခံနေရတယ်လို့ နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ပြုလုပ်တဲ့ နေပြည်တော် စစ်ကောင်စီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသက လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ရာမှာ MNDAA၊ TNLA၊ KIA နဲ့ AA အဖွဲ့တွေအပြင် စုစည်းထားတဲ့အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပက ဒရုန်းပညာရှင်များ စုစုပေါင်း အင်အား ၆၅၀၀ ခန့်ပါဝင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက်ဒေသ တပ်စခန်းတွေ တိုက်ခိုက်ခံရမှုတွေကို သုံးသပ်ရာမှာ သာလွန်အင်အားများ စုစည်းခြင်းနဲ့ နည်းပညာသာလွန်မှုကို အသုံးချပြီး စစ်သုံးအဆင့် ဒရုန်းတွေနဲ့ Drop ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့တာကို တွေ့ရှိရကြောင်း၊ သူတို့ Drop ဗုံးအသုံးပြုမှုမှာ အခုအချိန်ထိ အလုံးပေါင်း ၂ သောင်း ၅ ထောင်ကျော် အသုံးပြုခဲ့သလို ၁၀၇ မမ ရှော့တိုက်ဒုံး အလုံး ၁၂၀ ခန့်နဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အလားတူ ပလက်ဝဒေသက လုံခြုံရေးစခန်း ၂ ခုနဲ့  ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို AA တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ရဲစခန်းအချို့ကိုလည်း သာလွန်အင်အားများနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က စွန့်စွန့်စားစားနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းမြောက်တိုက်ပွဲတွေဖြစ်နေချိန်မှာ ကချင်ပြည်နယ်က တပ်စခန်းတခုကို KIA က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ထီးချိုင့်၊ ကန့်ဘလူ၊ ကောလင်း၊ တမူး၊ ခမ်းပါတ်မြို့၊ ချင်းပြည်နယ် ဟားခါး၊ လိုင်လင်းပီမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွအပါအဝင် KNLA တပ်မဟာ ၅၊ ၆ စတဲ့နေရာတွေကို KIA၊ AA၊ PDF၊ KNPP၊ KNLA စတဲ့ တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ခေါင်းဆောင်က တိုက်ခိုက်ခံရတဲ့ အခြေအနေတွေကိုသာပြောဆိုပေမယ့် သူတို့ထိန်းချုပ်ထားတဲ့မြို့တွေ လက်လွှတ်လိုက်ရတာ၊ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရတာအပြင် အရှင်ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုတာမျိုး မရှိပါဘူး။

အဆိုပါ အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ငြိမ်းချမ်းရေးအပေါ် အကြောင်းပြုပြီး လက်နက်ခဲယမ်းအပြိုင်အဆိုင်ထုတ်လုပ်တာ၊ PDF တွေ ကို စစ်သင်တန်းပေးတာနဲ့ လက်နက်ရောင်းချတာတွေပြုလုပ်ပြီး ငြိမ်းချမ်းရေးကို အမြတ်ထုတ်နေ တယ်လို့လည်း ပြောဆိုသွားပါတယ်။

#မြေလတ်အသံ

#ရှမ်းမြောက် #ရခိုင်ဒေသ #တိုက်ပွဲများ #သာလွန်အင်အား #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ် #စစ်ခေါင်းဆောင် #ဝန်ခံ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10