နေပြည်တော် အကြမ်းဖက်နှိမ်နှင်းရေးသင်တန်းက အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေး

နေပြည်တော် အကြမ်းဖက်နှိမ်နှင်းရေးသင်တန်းက အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေး

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ မိုးဆွေရွာအခြေစိုက် အမှတ် ၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၂ ) မှာ ဖွင့်လှစ်တဲ့ စစ်ကောင်စီတပ် အကြမ်းဖက်နှိမ်နင်းရေးနှင့်အထူးတပ်ဖွဲ့(အမျိုးသမီး)သင်တန်းမှာ တက်ရောက်နေတဲ့ အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးနေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြမ်းဖက်နှိမ်နင်းရေးနဲ့အထူးတပ်ဖွဲ့သင်တန်း အမှတ်စဉ် ၂/၂၀၂၃ မှာတက်ရောက်မယ့် အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်၊ သိုက်ချောင်းရှိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး(ကုတင် ၁၀၀၀)(ဆရက ၂/၁၀၀၀) ကို ဇူလိုင် ၂၃ ရက်က ဆေးစစ်သွားရောက်စဉ် ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“ သူတို့သင်တန်းတက်ဖို့ အရွေးခံရပြီး နေပြည်တော် မိုးဆွေသင်တန်းကျောင်းကို ရောက်တာ သိပ်မကြာသေးဘူးလို့သိရတယ်။ အဲ့ဒီသင်တန်းဝင်ခွင့်ရဖို့က  ဆေးပြန်စစ်ရတယ်။ သိုက်ချောင်း ကုတင် ၁၀၀၀ ကို ဆေးစစ်ဖို့သွားတာကနေ  ဆေးစစ်ဖို့ စောင့်နေကြတုန်း ဆေးရုံကနေထွက်ပြေးသွားတာ “ လို့  ဖြစ်စဉ်ကို သိရှိထားတဲ့ နေပြည်တော်သတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

အဆိုပါ အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးပြီးနောက် ကုတင် ၁၀၀၀ စစ်ဆေးရုံက တာဝန်ကျစစ်ဆေးဆရာဝန်တွေဟာ ဆေးရုံနဲ့ နီးစပ်ရာနေရာအနှံ့ကိုလိုက်ရှာခဲ့လို့ ဆေးရုံဝန်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်လို့လည်း ဆရက ၂/၁၀၀၀ ဆေးရုံက တာဝန်ထမ်းဆောင်ဆဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက အတည်ပြုထားတယ်လို့လည်း CDM တပ်မတော်သားအရာရှိတဦးက ဆိုပါတယ်။

အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားမှုကို စစ်ကောင်စီဘက်က သတင်းဖုံးထားပြီး သူတို့ကို နေပြည်တော်နယ်မြေတစ်ဝိုက် ပိတ်ဆို့စစ်ဆေးရှာဖွေနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်နှိမ်နှင်းရေးနှင့်အထူးတပ်ဖွဲ့(အမျိုးသမီး)သင်တန်းမှာ တက်ရောက်နေတဲ့ အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သင်တန်းနည်းပြတွေနဲ့ ကြီးကြပ်ရေးတာဝန်ရှိသူတွေက သင်တန်းသင်ရိုးထက်ကျော်လွန်တဲ့ အမြင့်ပေတွေကနေ အလွတ်ခုန်ချစေတာ၊ မောင်းနှင်နေတဲ့မော်တော်ယာဉ်ပေါ်မှ ခုန်ချရတဲ့ သင်ခန်းစာတွေမှာ မလိုအပ်ဘဲ တွန်းကန်ချတာတွေ လုပ်ဆောင်နေတာတွေကို သိရှိရတယ်လို့ CDM တပ်မတော်သားအသိုင်းအဝိုင်းက ဆိုပါတယ်။

ဒါ့အပြင် သင်တန်းကြီးကြပ်ရေးတာဝန်ရှိသူတွေက အရက်သေစာ၊ မူးယစ်ဆေးတွေသုံးစွဲပြီး အဲ့ဒီသင်တန်းသား အမျိုးသမီးတွေကို အမျိုးမျိုးသောလေ့ကျင့်ရေးတွေမှာ ပြင်းပြင်းထန်ထန်နှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာထိပါးတာတွေကိုလည်း အုပ်စုဖွဲ့လုပ်ဆောင်တာတွေရှိနေလို့ အခုလို ထွက်ပြေးတာမျိုးဖြစ်နိုင်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်မှာ အကြမ်းဖက်နှိမ်နင်းရေးနဲ့အထူးတပ်ဖွဲ့သင်တန်းကို အမျိုးသား၊ အမျိုးသမီးခွဲကာ နေပြည်တော်၊ မိုးဆွေ အမှတ် ၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက ၂)နဲ့ မှော်ဘီမြို့၊ ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း(ပလသ) နေရာ ၂ ခုမှာဖွင့်လှစ်တာဖြစ်ပြီး ပင်ပန်းကြမ်းတမ်းတဲ့ စစ်သင်ခန်းစာတွေကို သင်ကြားရကာ သင်တန်းကာလမှာ ၆ လသတ်မှတ်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာလည်း နေပြည်တော်၊ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးက ထိပ်တန်းလျှို့ဝှက်ထိန်းသိမ်းထားတဲ့ဌာနက စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီး တပ်ကြပ်ကြီး/စာရေး ၂ ဦး ထွက်ပြေးခဲ့သေးတယ်လို့ နေပြည်တော်တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပုံစာ - ၇၄ နှစ်မြောက် စစ်ကောင်စီတပ်မတော်နေ့အခမ်းအနားမှာ‌ တွေ့ရသည့် အကြမ်းဖက်နှိမ်နင်းရေးအမျိုးသမီးတပ်ဖွဲ့ဝင်အချို့။

#မြေလတ်အသံ

#သတင်း #နေပြည်တော် #စစ်ကောင်စီတပ် #အမျိုးသမီးစစ်သည် #ထွက်ပြေး #တတက၂ #မိုးဆွေ #သင်တန်းကျောင်း #အထူးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10