ပခုက္ကူက ဒေသခံ ၅ ဦးကို ပျူစစ်ကြောင်းက ဖမ်းသွား

ပခုက္ကူက ဒေသခံ ၅ ဦးကို ပျူစစ်ကြောင်းက ဖမ်းသွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြေနီတွင်းကျေးရွာက ဒေသခံ ၅ ဦးကို ပျူစောထီးစစ်ကြောင်းက ကျေးရွာထဲကနေ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်မနေ့ကညနေ ၃ နာရီခန့်မှာ ပျူစောထီးအင်အား ၅၀ ကျော်ရှိတဲ့စစ်ကြောင်းဟာ အောင်သာကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး မြေနီတွင်းကျေးရွာအနီးက ယာခင်းထဲမှာရှိနေတဲ့အမျိုးသား ၅ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"မနေ့က အဲဒီဘက်ရွာခြမ်းကို အောင်သာနဲ့ဇီးကုန်းဘက်က ပျူစစ်ကြောင်းဝင်လာခဲ့တာ။ သူတို့လာတော့ ရွာသားအချို့ကပြေးကြတယ်။ ခု ဖမ်းခံလိုက်ရတဲ့သူတွေက သူတို့နဲ့မဆိုင်ဘူး။ ဘာမှ မလုပ်လောက်ဘူးဆိုပြီး ရွာထဲကျန်နေတာ။ အဲဒါကို ပျူစစ်ကြောင်းက ဖမ်းသွားတာ။ သူတို့ကို ဖမ်းပြီးတာနဲ့ပြန်ထွက်သွားတယ်" လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ မောင်ဆန်းလင်းအောင်၊ မောင်နေသူလွင်၊ မောင်ဇော်ဇော်ဌေး၊ ဖြိုးရန်နိုင်နဲ့ အသက် ၅၀ ကျော်အရွယ်ရှိ ဦးကောင်းဟန်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့သူတွေကို ပျူစောထီးစစ်ကြောင်းက အောင်သာကျေးရွာဘက်ကိုခေါ်သွားပြီး နှိပ်စက်စစ်ဆေးမှုတွေလုပ်နေလို့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပခုက္ကူနယ်ဘက်က ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးအဖွဲ့တွေက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးချိန် ဒေသခံတွေကို မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေရှိနေပြီး အချို့ကိုတော့ ပြန်လွှတ်ပေးတာတွေရှိခဲ့ပေမယ့် အချို့ကိုတော့ ပုဒ်မတပ် ထောင်ချထားတွေ ရှိနေတာပါ။

ဒါ့အပြင်ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်မှာလည်း ရန်ကုန်ကနေ ခရီးသည်တင်ကးနဲ့လိုက်ပါလာတဲ့ အသက် ၂၀ နဲ့  ၂၅ ဝန်းကျင်ရှိအမျိုးသား ၄ ဦးကို ဒရုန်းသင်တန်းပေးဖို့လာတဲ့သူတွေလို့ စွပ်စွဲပြီး ပခုက္ကူမြို့နယ်၊ ဧရာဝတီတံတား (ပခုက္ကူ)ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10