ပေါက်ခေါင်းမှာ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ တပ်ပြန်ရုတ်သွား

ပေါက်ခေါင်းမှာ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ တပ်ပြန်ရုတ်သွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သားအချင်းချင်းသေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်ပြန်ရုတ်သွားတယ်လို့ ပေါက်ခေါင်းမြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။ 

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊ စက်တုန်းရွာမှာ အင်အား ၂၀ ဦးလောက်နဲ့ တပ်စွဲထားတဲ့စခန်းက စစ်ကောင်စီတပ်သား အချင်းချင်း ဇန်နဝါရီ ၂၆ ရက် ဒီမနက် ၈ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပြီး တဦးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

“အဲ့ရွာမှာက စစ်သားတွေက ယာယီတပ်စွဲလိုက်၊ ထွက်သွားလိုက်နဲ့ နေတာ။ ဘယ်ချိန်ဝင်ပြီး ဘယ်ချိန်ထွက်မှန်း မသိရဘူး။ မနက်ကပဲ လက်ကျန်စစ်သားတွေနဲ့ အလောင်းကို ပေါက်ခေါင်းဘက်ကို ကား ၂ စီးနဲ့ သယ်သွားတယ်။ အဲ့ဒီရွာမှာ စစ်သားလက်ကျန် မရှိတော့ဘူး” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပေါက်ခေါင်းဒေသခံတဦးကလည်း ”စက်တုန်းရွာက ကြက်သွန်ခင်းနားမှာ အချင်းချင်းသေနတ်နဲ့ ပစ်သတ်တယ်ဆိုတာ ကြားတယ်။ (ပစ်ခတ်မှုဖြစ်တဲ့)နေရာမှာ ဆုံးသွားတယ်။ အသေးစိတ်တော့ မသိရဘူး” လို့ ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်ထဲမှာ အမှတ် ၁၉ ကာကွယ်‌ရေးပစ္စည်းစက်ရုံ(ကပစ ၁၉)တပ်လည်း ရှိနေသလို ငါးဘတ်ကုန်းရွာ၊ ကြို့ပင်ဝိုင်းရွာနဲ့ လက်ကြီးရွာတို့မှာလည်း စစ်ကောင်စီတပ်သားတွေ ရှိနေပါတယ်။

ဇန်နဝါရီ ၁၂ ရက် ညကတော့ လက်ကြီးရွာမှာရှိတဲ့ စစ်သားတွေက နယ်မြေချင်းထိစပ်တဲ့ ပေါင်းတည် မြို့နယ်ထဲကို လက်နက်ကြီးနဲ့ပစ်လို့ နတ်ရေတွင်းရွာက နေအိမ်တလုံး ပျက်စီးခဲ့ရပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါက်ခေါင်း #စစ်ကောင်စီ #စစ်သား #တပ်ပြန်ရုတ် #စစ်ရေး #ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10