ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး သေဆုံးမှုရှိဟုဆို

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး သေဆုံးမှုရှိဟုဆို

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့  ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင် အထိုင်စခန်းကနေ ထွက်လာတဲ့ အင်အား ၂၅ ဦးပါ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁ ရက် ညနေ ၅ နာရီ‌လောက်မှာ မအူကွင်းရွာဟောင်းအနီးကနေ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၃၆၀၁ PPDF တပ်ခွဲ ၃ က စောင့်ကြိုကာ ပတ်လည်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။

“ရှေ့ဆုံးက ပွိုင့်ကို လွှတ်ပြီး အလယ်ကပါလာတဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခဲ့တာပါ။ စစ်** ၃ ကောင်လောက် လွင့်စင်သွားတာကို တွေ့လိုက်ရတယ်။ သေဆုံးဒဏ်ရာရသတင်းတော့ စုံစမ်းနေဆဲပါ“ လို့  ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲခံရအပြီး စစ်ကြောင်းဟာ ရှေ့ကို ဆက်မသွားတော့ဘဲ အဲဒီနေ့ ညက အလယ်ရွာမှာ ညအိပ်ပြီး ဧပြီ ၃ ရက် ဒီနေ့မှာတော့ ရုတ်ဆိုင်ရွာမှာ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပေးပို့တဲ့ ဗီဒီယိုမှာ မိုင်းဆွဲတိုက်ခိုက်ချိန် အနီးမှာ စစ်ကောင်စီစစ်သားတွေ ရှိနေတာကို တွေ့ရပါတယ်။

မိုင်းဆွဲအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့  ပြန်လည်ပစ်ခတ်ပေမယ့် တိုက်ခိုက်‌ရေး ရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

ပေါင်းတည်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဟာ မတ် ၂၄ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ ထန်းကုန်းအုပ်စု၊ ထန်းကုန်းရွာကို မီးရှို့ပြန်လာတဲ့ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ တိုက်ခိုက်ခဲ့လို့  စစ်သား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - မိုင်းဆွဲတိုက်ခိုက်မှုမြင်ကွင်း။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပေါင်းတည်မြို့ #စစ်ကောင်စီ #စစ်ကြောင်း #ပြည်သူ့ကာကွယ်ရေးတပ်မတော် #မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10