ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး စိုပြေလင်း မိန်းမမှုနဲ့ စစ်ခုံရုံးဖွဲ့စစ်ဆေးခံနေရ

ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး စိုပြေလင်း မိန်းမမှုနဲ့ စစ်ခုံရုံးဖွဲ့စစ်ဆေးခံနေရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့နယ်စစ်ကောင်စီ(စီမံအုပ်ချုပ်ရေးကောင်စီ) အဖွဲ့ဝင် ၁ အဖြစ်တာဝန်ယူထားသူ အောင်လံမြို့နယ်၊ ကျော်စွာအခြေစိုက် အမှတ် ၇ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၇) မှ ဗိုလ်မှူး စိုပြေလင်း မေလတတိယအပတ်ကစလို့ မိန်းမမှုနဲ့စစ်ခုံရုံးဖွဲ့ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ဗိုလ်မှူး စိုပြေလင်းဟာ ကပစ ၇ က တတပ်တည်းနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်ကြပ်ကြီး ၁ ဦးရဲ့ သမီး ဖြစ်သူ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးနဲ့ အတူတကွပေါင်းသင်းနေထိုင်ပြီးနောက် ကိုယ်ဝန်ရရှိလာတဲ့အပေါ်မိဘဖြစ်သူတပ်ကြပ်ကြီးက ကပစ ၇ စက်ရုံမှူးမှတဆင့် နေပြည်တော်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) ကို ပြီးခဲ့တဲ့မေလအတွင်းက လိပ်မူတိုင်ကြားခဲ့လို့  စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးခံနေရတာလို့ ဆိုပါတယ်။

“ကောင်မလေး ကိုယ်ဝန်ရှိသွားတာကို သူ့မိဘတွေမေးမြန်းတော့မှ သူ(ဗိုလ်မှူး စိုပြေလင်း)နဲ့ဖြစ်တယ်ဆိုတာ သိပြီးပြသနာတက်ကြတာ။ ဖြစ်ကာစက မတိုင်ဖို့ ညှိနှိုင်းသေးတယ်။ ပြည် ဒကစ ကလည်း ကြားထဲက ဝင်ညှိပေးသေးတယ်။ ကောင်မလေးကို တာဝန်မယူနိုင်တာမျိုးနဲ့ ဘလိုညှိမရလဲတော့မသိဘူး။ နောက်ဆုံးကောင်မလေးမိဘတွေက တိုင်လိုက်တာ” လို့ ကပစ ၇ နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက မြေလတ်အသံကိုပြောပါတယ်။

ဗိုလ်မှူး စိုပြေလင်း ဟာ မိန်းမရှုပ်ပွေသူတဦးဖြစ်ပြီး ပြည်မြို့ ပြည်-အောင်လံကားလမ်းမဘေး ဘုရားကြီးဆည်မြောင်းရုံးရှေ့က မင်္ဂလာဂါးဒင်းဟိုတယ်ကို ကောင်မလေးအများအပြားနဲ့ မကြာခဏဆိုသလို လာရောက်ပေါင်းသင်းနေထိုင်တယ်လို့ သူနဲ့ရင်းနှီးမှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“သူ(စိုပြေလင်း)က မိန်းမတအားရှုပ်တယ်။ ကောင်မလေးတွေအများကြီးနဲ့ မင်္ဂလာဂါးဒင်းမှာ  မကြာခဏလာအိပ်တယ်။ ညအိပ်ရော အချိန်ပိုင်းရောလာနေတာ။ ရန်ကုန်ကလာတဲ့ မိန်းကလေးတွေနဲ့လာတာလည်း ရှိတယ်။ တလကို မိန်းကလေး ၁၀ ယောက်လောက်လဲပြီးလာနေတယ်” လို့ ဆိုပါတယ်။

ပြည်မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်မှူး စိုပြေလင်းဟာ ပြည်မြို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းမှာလည်း ပေါက်ရောက်သူဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒကစမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး က သဘောကျသူတဦးဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ဗိုလ်မှူး စိုပြေလင်းကို နေပြည်တော် ကို ခေါ်ယူစစ်ဆေးနေတယ်လို့သိရပြီး  သက်သေခံကောက်နှုတ်ချက်ရယူတာတွေလုပ်ဆောင်ဖို့ ခေါ်ယူတာဖြစ်နိုင်တယ်လို့ တပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“တိုင်တာက နေပြည်တော် ကကထုတ်(ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး) ကို  တိုင်တာဆိုတော့ ကကထုတ်က တိုက်ရိုက်ကိုင်ဖို့ နေပြည်တော်ကို ပို့လိုက်တာလား။ အမှုအတွက်သက်ကောက်(သက်သေခံကောက်နှုတ်ချက်) ယူဖို့ခေါ်သွားတာလားတော့ မသိဘူး” လို့ ဆိုပါတယ်။

မိန်းမမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဗိုလ်မှူး စိုပြေလင်း ရဲ့ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ လစ်လပ်နေရာကို ကပစ ၇ က ဗိုလ်မှူး ဝေဖြိုးအောင် ဆိုသူ အစားထိုးခန့်အပ်ထားတယ်လို့ ပြည်မြို့စစ်ကောင်စီအသိုင်းအဝိုင်းထံက သိရပါတယ်။

 

ပုံစာ - ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁ ဗိုလ်မှူး စိုပြေလင်း (ဘယ်စွန်)။

 

#မြေလတ်အသံ

#ပြည်မြို့ #စစ်ကောင်စီ #အဖွဲ့ဝင် #ဗိုလ်မှူးစိုပြေလင်း #မိန်းမမှု #စစ်ဆေးခံနေရ #ဒကစ #ကပစ၇

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10