ပြည်မြို့မှာ သင်္ကြန်ကျင်းပဖို့ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဆီက စစ်ကောင်စီ ပိုက်ဆံလိုက်တောင်းနေ

ပြည်မြို့မှာ သင်္ကြန်ကျင်းပဖို့ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဆီက စစ်ကောင်စီ ပိုက်ဆံလိုက်တောင်းနေ

ပဲခူးတိုင်း ပြည်မြို့မှာ သင်္ကြန်ပွဲတော်ကျင်းပဖို့နဲ့ ယိမ်းကားတွေအတွက် လိုအပ်တဲ့ ပိုက်ဆံကို လုပ်ငန်းရှင်တွေနဲ့ ရပ်ကွက်အလိုက် ပြည်သူတွေဆီက လိုက်တောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရပ်ကွက်အချို့မှာတော့ ရာအိမ်မှူးတွေတဆင့် လိုက်တောင်းနေသလို လုပ်ငန်းရှင်တွေကိုတော့ အလှူငွေဖြတ်ပိုင်းနဲ့ လိုက်တောင်းနေတာတွေရှိတယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ 

" လုပ်ငန်းရှင်တွေကိုအဓိကကောက်တယ်၊  ၅သောင်းကနေ ၁ သိန်း လုပ်ငန်းအလိုက်ပေါ်မူတည်ပြီးတောင်းတယ်၊ ရွှေကူရပ်ကွက်မှာလည်းထိုနည်းတူ အေးဓါးပြလုပ်တောင်းတယ် "လို့ ပြောပါတယ်။

ယိမ်းကားအတွက်နဲ့ အကအဖွဲ့အတွက် ဝတ်စုံးဖိုး စတဲ့ ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကြေးအတိအကျပြောပြီး တောင်းနေတာလည်းဖြစ်ပါတယ်။ 

" သင်္ကြန်ယိမ်းအတွက် တတ်နိုင်သလောက်ပါဝင်ပါအုန်းဆိုပြီး ဝတ်စုံဖိုး ၃သောင်းထည့်ခိုင်းတာ၊ ၂ထောင်ပဲ ထည့်လိုက်တယ် " လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့ပေါ်က ရပ်ကွက်အချို့မှာတော့ သင်္ကြန်အတွက် ပိုက်ဆံလိုက်တောင်းပြီး ဖြစ်ပေမယ့် ရပ်ကွက်အချို့ကိုတော့ လာတောင်းတာမျိုးမရှိသေးပါဘူး၊ မဏ္ဍပ်တချို့ကိုစတည်‌ဆောက်နေပြီး လမ်းလျှောက်သင်္ကြန်ကျင်းပမဲ့ နေရာတွေမှာလည်း ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ 

"ဗဟိုမီးသတ်အရင်မီးကင်းတဲကို အဆင်ထပ်မြင့်ပြီး လမ်းတွေနဲ့ မဏ္ဍပ်တွေကိုစောင့်ကြည့်ဖို့ စီစီတီဗီတွေ ပတ်လည်တပ်ထားတယ်၊ လမ်းလျှောက်သင်္ကြန်က အရင်  NLD  လက်ထက် နေရာမှာပဲ အခု သင်္ဘာဆိပ်လမ်းကနေ ပိုက်တွေ စသွယ်တန်းနေပြီ" လို့ ဒေသခံ တဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ သပိတ်ကော်မတီတွေကတော့ စစ်ကောင်စီကျင်းပမဲ့ သင်္ကြန်ပွဲ‌တော်မှာ မပါဝင်ဖို့နဲ့ တော်လှန်သင်္ကြန်ကျင်းပဖို့ တိုက်တွန်းနှိုးဆော် လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10