ပြည်မြို့ ၉၅၉ တပ်က စစ်သား ၂ ဦးထွက်ပြေးလို့ ဖခင်ကိုဖမ်းဆီးထား၊ တပ်ပြေး ၉ ဦးထိရှိပေမယ့် တပ်မှူးကစာရင်းလိမ်

ပြည်မြို့ ၉၅၉ တပ်က စစ်သား ၂ ဦးထွက်ပြေးလို့ ဖခင်ကိုဖမ်းဆီးထား၊ တပ်ပြေး ၉ ဦးထိရှိပေမယ့် တပ်မှူးကစာရင်းလိမ်

ပဲခူး(အနောက်ခြမ်း)၊ ပြည်မြို့အခြေစိုက် အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) လလစ ၉၅၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ဦး ထွက်ပြေးသွားတယ်လို့ တပ်ရင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြည်မြို့၊ အောင်ဆန်းအထကကျောင်းရှေ့ရှိ ၉၅၉ တပ်ရင်းကနေ ဩဂုတ်လဒုတိယပတ်အတွင်းက  တပ်သား ကိုကိုအောင် အပါ စစ်ကောင်စီတပ်သား ၂ ဦး တပ်ကိုစွန့်ခွာထွက်ပြေးသွားတာကြောင့် ပြည်မြို့နယ်နဲ့ ၎င်းတို့ဇာတိဖြစ်တဲ့ ပန်းတောင်းမြို့နယ်တွေမှာ လိုက်လံရှာဖွေနေသလို ထွက်ပြေးစစ်သားတွေရဲ့ ဖခင်ဖြစ်သူကိုလည်း အဲ့ဒီတပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

“ တပ်သား ကိုကိုအောင်နဲ့ သူနဲ့ညီအကိုတော်တဲ့သူ ၂ ယောက်ထွက်ပြေးသွားလို့ သူတို့ကိုရှာတာမှာ အိမ်ပြန်လာသလားဆိုပြီး ပန်းတောင်းဘက် သူတို့ဇာတိရွာကို သွားရှာပြီး မတွေ့တာနဲ့ အဖေ ဖြစ်သူကို ဖမ်းခေါ်လာတာ” လို့ ၉၅၉ တပ်နဲ့ နီးစပ်တဲ့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ၉၅၉ တပ်ရင်းမှာ ပြီးခဲ့တဲ့ ၁၀ လတာအတွင်း တပ်ကိုစွန့်ခွာထွက်ပြေးသူ ခွင့်မဲ့၊တပ်ပြေးအရေအတွက် ၉ ဦးအထိရှိနေပြီး တပ်မှူး ဗိုလ်မှူး ဘိုဘိုမျိုးဦး က အဲ့ဒီတပ်ပြေးတွေကို စာရင်းမတင်ပြဘဲ ရိက္ခာနဲ့လစာကို ထုတ်စားနေတယ်လို့ ဆိုပါတယ်။

“ တပ်မှူးက DSTA အပတ်စဉ် ၅ က ဗိုလ်မှူး ဘိုဘိုမျိုးဦး တဲ့။ အခုနောက်ဆုံး ၁၀ လအတွင်း တပ်ပြေး ၉ ယောက်အထိရှိတယ်။ အဲ့ဒါ အထက်ကိုမတင်ဘူး။ ဒီတိုင်း ရိက္ခာ၊ လစာ ထုတ်စားနေတာ။ တပ်မှူးကလည်း အထက်ကို ဂါထားတယ်” လို့ သူက ဆက်ပြောပါတယ်။

အမှတ် ၉၅၉ အလုပ်ရုံတပ်ခွဲ(လျှပ်/စက်) လလစ ၉၅၉ တပ်ရင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး(ကကလျှပ်)လက်အောက်ခံတပ်ရင်းဖြစ်ပြီး စစ်ကောင်စီတပ်သုံး လက်နက်နဲ့ ယာဉ်များ ပြင်ဆင်ထိန်းသိမ်းရတဲ့ လက်ရုံးတပ်ရင်းဖြစ်ကာ တပ်အင်အား ၁၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်တဲ့စာရင်းတွေအရ အခုဩဂုတ်လအတွင်းမှာပဲ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်ပူးပေါင်းလာသူ ၅၀ ကျော်ရှိခဲ့ပြီး ဧပြီလမှ ဇူလိုင်လအထိ နောက်ဆုံး ၄ လ အတွင်း စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးအဆင့်အပါအဝင် ၅၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#ပြည် #လလစ၉၅၉ #စစ်ကောင်စီတပ်သား #ထွက်ပြေး #ခွင့်မဲ့ #တပ်ပြေး #များပြားမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10