မကွေး ခမရ ၃၀၁ နဲ့  ၃၁၇ တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

မကွေး ခမရ ၃၀၁ နဲ့  ၃၁၇ တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ် (တမခ ၈၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ၂ ခုဖြစ်တဲ့ ခမရ ၃၀၁ နဲ့ ၃၁၇ က တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တပ်မ ၈၈ ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်အတွင်းမှာ ခမရ ၃၀၁ ယာယီ တပ်ရင်းမှူး စစ်တက္ကသိုလ်အပတ်စဉ် ၄၆ ဆင်း  ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ဇေယျာထွန်း ဟာ စစ်ခေါင်းဆောင်တွေရဲ့ စစ်ရေးအမိန့်ညွှန်ကြားမှုကိုဖီဆန်ခဲ့လို့ ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းအတွင်း ပြီးခဲ့တဲ့ဇွန်လက ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ CDM တပ်မတော်သားတွေနဲ့စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင် - People's Goal က ထုတ်ပြန်ထားပါတယ်။ 

“ထောင်ကျသွားတာက ဟုတ်တယ်။ ကြားတာကတော့ စစ်ဆင်ရေးအမှုသီးခြားရယ်လို့ မကြားဘူး။ ကြေးနီစီမံကိန်းနဲ့ဆက်စပ်တဲ့ ငွေကြးကိစ္စအမှုတွေလည်းပါတယ်လို့ ကြားတယ်”  လို့ မကွေးတပ်နယ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။ 

အသက် ၄၀ အရွယ်ဝန်းကျင်ရှိ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ဇေယျာထွန်း ဟာ ရှမ်းပြည်နယ်၊ လင်းခေး ဇာတိဖြစ်ပြီး ယခုနှစ် ဧပြီလကမှ ကျိုင်းတုံအခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်-တသခ ကနေ  ခမရ ၃၀၁ ကို ယာယီတပ်ရင်းမှူးတာဝန်နဲ့ ပြောင်းရွေ့လာတာဖြစ်လို့ ယာယီတပ်ရင်းမှူးအဖြစ် ရာထူးတိုးလာပီး ၂ လကျော်အကြာမှာ အခုလို အရေးယူခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ခမရ ၃၁၇ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေယံထွန်းလည်း စစ်ဆင်ရေးအမှုတွေနဲ့ အခုရက်ပိုင်းထဲမှာပဲ ထောင်ချထုတ်ပယ်ခံလိုက်ရတယ်လို့ သိရပါတယ်။

သူက အမှုတွေကအများကြီးဘဲ စစ်ဆင်ရေးကွပ်ကဲမှုညံ့တာတွေရော၊ သူ့တပ်က လက်နက်နဲ့ ခွင့်မဲ့ပျက်ကွက်တွေရော အမှုဖြစ်နေတာကြာပြီ။ ခုရက်ပိုင်းမှ အမိန့်ချတာ ထောင်ဘယ်နှစ်နှစ်လည်းတော့ မသိဘူး” လို့ အဆိုပါ တပ်သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ၈၈ နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ လက်ရှိ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာဖြစ်ခဲ့တဲ့ အင်းတော်နယ်တိုက်ပွဲအတွင်း တပ်သား အများအပြားသေဆုံးခဲ့သလို ဇူလိုင်လ ၂၄ ရက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာလည်း ခမရ - ၃၀၁ က ဗိုလ်ကြီးတဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။ 

တပ်မ ၈၈ တပ်မမှူးဟာ ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်း ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင်နဲ့အတူ တပ်မ ၈၈ တပ်မမှူးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။ 

မြေပြင်မှာ တပ်ကအထိအခိုက်များ၊ထွက်ပြေးသူများတော့ ကိုင်တွယ်ရခက်နေတာမှာ အထက်က အတင်းဖိအားပေးခိုင်းတော့ အမိန့်ဖီဆန်တာမျိုး ဖြစ်လာတာလို့ သုံးသပ်ရပါတယ်၊ သဘောကတော့ အပေါ်ကနေ အတင်းအကြပ်ခိုင်းနေပေမယ့် အောက်ခြေတပ်မှာက ဘာမှခိုင်းလို့မရတဲ့ အခြေအနေ ကြုံလာရတာပေါ့"လို့ ပြည်သူ့ပန်းတိုင် CDM ဗိုလ်ကြီးတဦးက မြေလတ်အသံကို ပြောပါတယ် ။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးတပ် မြေပြင်တပ်မှူးတွေ အနေနဲ့ အထက်စစ်ခေါင်းဆောင်တွေရဲ့ စစ်ရေးညွှန်ကြားချက်တွေအပေါ် မနာခံဘဲ စစ်တိုက်ရန်ငြင်းဆန်မှု၊ အမိန့်အတိုင်းမချီတက်မှု၊ စစ်ရေးအမိန့်ဖီဆန်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဖမ်းဆီးထောင်ချအရေးယူခံရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ တပ်သတင်းရင်းမြစ်တွေနဲ့ CDM တပ်မတော်သားအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပုံစာ - ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားတဲ့ ခမရ ၃၀၁ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း။
 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #တပ်မ၈၈ #ခမရ ၃၀၁ #ခမရ ၃၁၇ #တပ်ရင်းမှူး #ထောင်နှစ်ရှည် #ချမှတ်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10