မကွေးမှာ အပူရှပ်ပြီး အမျိုးသား ၁ ဦးထပ်မံသေဆုံး၊ ၃ ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာ

မကွေးမှာ အပူရှပ်ပြီး အမျိုးသား ၁ ဦးထပ်မံသေဆုံး၊ ၃ ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာ

မကွေးတိုင်း၊ မကွေးမြို့၊ မကွေး-တောင်တွင်းသွားကားလမ်းဘေးရှိ စက်မှုတိုင်း ၃ ဝန်း အပြင်ဘက်မှာ အပူရှပ်ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၃၀ ရက် ညနေ ၃ နာရီခန့်မှာ စက်မှုတိုင်း ၃ ဝန်ထမ်းအိမ်ယာမှာနေသူ ဦးအောင်ကြည်တင့် ၄၄ နှစ်ဟာ အပြင်ကနေပြန်လာပြီး အိမ်ယာဝန်း အပြင်ဘက်တဲမှာ နားနေစဥ် သေဆုံးသွားတာလို့ ဆိုပါတယ်။

"အလုပ်ကိစ္စအပြင်သွားပြီး ပြန်လာတာ။ ပူလွန်းလို့ဆိုပြီး တဲထဲမှာ ထိုင်နေရင်းကနေ သတိလစ်ပြီးလဲကျသွားတာ။ အသက်ပါ ပါသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

သေဆုံးသွားသူရဲ့အလောင်းကိုတော့ ဝန်ထမ်းအိမ်ယာလိုင်းခန်းထဲကို ပြန်သယ်ပြီး နာရေးကိစ္စ ဆောင်ရွက်နေကြတယ်လို့သိရပါတယ်။

အပူရှိန်မြင့်တက်လာတဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာလည်း အပူဒဏ်ကြောင့် မကွေးမြို့နယ်ထဲမှာ လူ ၆ ဦးသေဆုံးခဲ့ပါတယ်။  

အပူဒဏ်ကြောင့် သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံး ၂၄ နှစ်ကနေ အသက်အကြီးဆုံး ၇၀ နှစ်ကျော်ထိ ပါဝင်ပါတယ်။ 

ဧပြီ ၂၈ ရက်ကနေ ၃၀ ရက်အထိ မကွေးမြို့နယ်ထဲမှာအပူဒဏ်ကြောင့် သေဆုံးသူ ၇ ဦးရှိပြီး ဒီအရေအတွက်ဟာ မြေလတ်အသံက လက်လှမ်းမီသလောက်စုစည်းတင်ပြထားတဲ့ အရေအတွက်သာဖြစ်ပါတယ်။ ဒါ့အပြင် အပူဒဏ်ကြောင့် ဆေးရုံတက်နေရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဧပြီ ၃၀ ရက်မနက်ပိုင်း မိုးဇလဗေဒရဲ့ သတိပေးထုတ်ပြန်ချက်အရ မကွေးမြို့နယ်ထဲမှာ အပူချိန် ၄၅.၁ စင်တီဂရိတ်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂၇ ကနေ ၃၀ ရက်အထိ မြန်မာနိုင်ငံမှာ အပူဒဏ်ပိုမိုမြင့်မားလာမှုကို ခံစားရနိုင်ပြီး အဲဒီထဲကမှ မကွေးတိုင်းမှာ ၄၄ နဲ့ ၄၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်းမှာ ၄၁ နဲ့ ၄၃ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်းမှာ ၄၃ နဲ့ ၄၅ ဒီဂရီစင်တီဂရိတ်ကြားမှာ အပူချိန်ရှိနေမယ်လို့ မိုးလေဝသပညာရှင်တွေက ထုတ်ပြန်အသိပေးခဲ့ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အပူချိန်လွန်ကဲ #ဒေသခံ #သေဆုံး #သဘာဝဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10