မပခတိုင်းမှူးနေရာကို ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုး၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင် အစအနပျောက်နေ

မပခတိုင်းမှူးနေရာကို ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုး၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင် အစအနပျောက်နေ

မြစ်ကြီးနားမြို့အခြေစိုက်ပြီး ကချင်ပြည်နယ်ကို စစ်ရေးကွပ်ကဲနေတဲ့ စစ်ကောင်စီတပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူး နေရာကို ဗိုလ်မှူးချုပ် စိုးလှိုင်ကို အစားထိုးလိုက်တယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇူလိုင်လ ဒုတိယပတ်အတွင်းက ယခင် မပခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်အပါအဝင် စစ်တပ်အကြီးတန်းအရာရှိတွေ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံခဲ့ရပြီးနောက် တိုင်းမှူးအသစ် စစ်ဗိုလ်ချုပ်တဦး အစား ထိုးရောက်ရှိလာတာပါ။

“ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် စိုးလှိုင် ရောက်လာတယ်။“ လို့ မပခနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဗိုလ်မှူးချုပ် စိုးလှိုင်ဟာ အလုပ်သင်ဗိုလ်အမှတ်စဉ် ၂၄ ဆင်း စစ်ဗိုလ်ချုပ်တဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၃) စကခမှူး အဖြစ် တာဝန်ယူခဲ့တာပါ။

အဲ့ဒီနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) စကခမှူး အဖြစ်ပြောင်းရွှေ့ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ စစ်တိုင်းမှူးဖြစ်လာတာလို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စကခ ၁၀ စကခမှူးအဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် စိုးလှိုင်ဟာ စကခ ၁၀ နဲ့ လက်အောက်ခံတပ်ရင်းတွေက စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေက မီးရှို့သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ရာမှာ အမိန့်ပေးစေခိုင်းခဲ့သူတဦးလည်း ဖြစ်ပါတယ်။

နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတဲ့ ယခင်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင် ရဲ့ နောက်ဆက်တွဲအခြေအနေကို မသိရသေးဘဲ အစအနပျောက်နေတယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နောက်ထပ်သက်တမ်းတိုးဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီက စစ်တပ်နဲ့နယ်ဘက်ဝန်ကြီးဌာန ထိပ်ပိုင်းရာထူးတချို့ ပြောင်းလဲမှုတွေ ထပ်မံလုပ်ဆောင်နေပြီး ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်ကို ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တာဝန်ပေးအပ်တယ်လို့ မနေ့ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ပုံစာ - ယခင် မပခ တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင်(ဝဲ)အား ကစထ ၁ ကစထမှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်(ယာ) နှင့်အတူတွေ့ရစဉ်။

#မြေလတ်အသံ

#ကချင် #မပခ #တိုင်းမှူး #ဗိုလ်မှူးချုပ် #စိုးလှိုင် #ခန့်အပ် #စစ်ကောင်စီတပ်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10