မိုင်ဂျူလီယာဆွီးနိကိမ် (ရုပ်ပုံလွှာ)

မိုင်ဂျူလီယာဆွီးနိကိမ် (ရုပ်ပုံလွှာ)

 သူ့နာမည်က မိုင်ဂျူလီယာဆွီးနိကိမ် (ခ) A Nge ပါ။ အသားဖြူဖြူ လူကောင်သေးသေး ဆံပင်တိုတို။ သူ့ကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကူလ်ဇမ်ရွာမှာ မွေးခဲ့တာပါ။ အာဏာမသိမ်းခင်က ကလေးတက္ကသိုလ်၊ ဘူမိဗေဒမေဂျာမှာ တတိယနှစ်တက်နေတဲ့ ကျောင်းသူဖြစ်ပြီး မေဂျာဘောလုံးအသင်းမှာလည်း ပါဝင်ခဲ့သူပါ။

ကျောင်းတက်စဉ်က နိုင်ငံရေးနဲ့ ဝေးကွာတဲ့ ကျောင်းသူတဦးဖြစ်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက် လူထုကို ပစ်ခတ်ဖြိုခွင်းတာတွေ ဖြစ်လာချိန်မှာတော့ တခြားလူငယ်တွေနည်းတူ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တယ်လို့ ဆွီးနိကိမ်ရဲ့ အချစ်ဆုံးသူငယ်ချင်း တယောက်ဖြစ်တဲ့ Zet က ပြောပါတယ်။ 

ဆွီးနိကိမ်နဲ့ Zet တို့ သူငယ်ချင်း ၂ ယောက်ဟာ တပ်ဖွဲ့တခုထဲမှာ တူတူစစ်မှုထမ်းဖို့ ရည်ရွယ်ခဲ့ကြပေမယ့် သူတို့ ၂ ဦးဟာ ဖလမ်းမြို့နဲ့ ကလေးဝမြို့မှာ နေကြတာကြောင့် လမ်းခရီးအခက်ခဲတွေရှိလို့ ကိုယ့်ဇာတိဒေသက တပ်ရင်းတွေမှာသာ အသီးသီးဝင်ဖြစ်ခဲ့ကြပါတယ်။ 

“ကျနော်တို့က ကျောင်းမှာ သူငယ်ချင်း၊ အဖွဲ့ထဲဝင်ဖို့ကျတော့လည်း ၂ ယောက်အတူ တိုင်ပင်ပြီး ကလေးမှာ ဝင်ဖို့ပြောတယ်။ သူက တောင်ပေါ်ကနေ ဆင်းခဲ့ရမယ်ဆိုတော့ ခိုင်ကမ်းဂိတ်ကို ဖြတ်လို့ အဆင်မပြေဘူး။ ကျနော်ကလည်း ကလေးဝကနေ ဂိတ် ၂ ခုဖြတ်ရမယ်၊ အဲ့ချိန်မှာ ကျနော်တို့က တနေရာဆီ ဝင်လိုက်တယ်။ သူက CNDF ထဲရောက်သွားတယ်။ ကျနော်က ကလေးဝက အဖွဲ့တခုမှာ ဝင်ခဲ့တယ်။” လို့  Zet က ပြောပါတယ်။

ဆွီးနိကိမ် (ခ) A Nge ဟာ ၂၀၂၁ နိုဝင်ဘာ ၂၄ ရက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ရဲ့ အပတ်စဉ် ၂ မှာ စစ်သင်တန်း တက်ရောက်ခဲ့ပါတယ်။ သင်တန်းပြီးစမှာ အမျိုးသမီးရဲဘော်ဖြစ်တာကြောင့် ဆေးကုသရေးဘက်ပို့ပေးဖို့ စီစဉ်ခဲ့ပေမယ့် သူကိုယ်တိုင်က ရှေ့တန်းလိုက်ပြီး စစ်တိုက်ချင်စိတ်ပြင်းပြနေခဲ့တာပါ။

ဒါကြောင့် သင်တန်းဆင်းပြီး ရဲဘော်အနေနဲ့ ၃ ပတ်ခန့်နေပြီးနောက်မှာတော့ တိုက်ရည်ခိုက်ရည်ထူးချွန်ကာ စိတ်ဓာတ်မာကျောတာတွေကြောင့် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသား ကာကွယ်ရေးတပ် CNO/CNDF ဒုစစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် ဆွီးနိကိမ် (ခ) A Nge ကို ရွေးချယ်ခဲ့ပါတယ်။ 

“သေနတ်ပစ်တာလည်း ကျွမ်းကျင်တယ်။ မိန်းကလေးဆိုပေမယ့် သတ္တိလည်းရှိတယ်။ သတ္တိရှိတဲ့နေရာမှာလည်း မိန်းကလေးလို့ မထင်ရအောင်ရှိတာ။ စာရေးစာဖတ်ဆိုလည်း ဘွဲ့ရကာနီးဆိုတော့ ထူးချွန်လို့  ဒုဗိုလ်ချုပ်က ခေါ်တာ” လို့ CNDF မှာ ရဲဘော်ဆွီးနိကိမ် တာဝန်စတင်ထမ်းဆောင်ဖြစ်ပုံကို CNDF ရဲဘော်တဦးက ရှင်းပြပါတယ်။

၂၀၂၁ နှစ်ကုန် ၂၀၂၂ အစပိုင်းကြားမှာဖြစ်ခဲ့တဲ့ ကလေး-ဖလမ်းကြားမှာရှိတဲ့ တိုက်ပွဲတခုကို ပထမဆုံး လိုက်ခဲ့ရပြီး အဲ့ဒီနောက်ပိုင်းကစလို့ ဒုစစ်ဦးစီးချုပ်နဲ့အတူ ရှေ့တန်းပွဲတိုင်းကို လိုက်ခဲ့သူဖြစ်တယ်လို့ CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။

ရဲဘော်ဆွီးနိကိမ်ဟာ ၂ နှစ်ကျော်ကာလအတွင်း ဒုစစ်ဦးစီးချုပ်နဲ့အတူ တိုက်ပွဲပေါင်း ၆၀ ကျော် လိုက်ဖူး ခဲ့ပါတယ်။ သူဟာ တပ်ရင်းမှာနေရတာထက် ရှေ့တန်းတွေမှာသာ ပျော်နေလေ့ရှိသူဖြစ်တယ်လို့ CNDF တပ်ရင်းမှာရှိတဲ့ ရဲဘော်တဦးက ပြောပါတယ်။

“ဒုဗိုလ်ချုပ်နားမှာနေတာဆိုတော့ သူတို့မသွားတဲ့ တိုက်ပွဲဆိုတာ မရှိသလောက်ပဲ။ စခန်းမှာနေတာထက် ရှေ့တန်းမှာနေတာ ပိုများတယ်။ ဒုဗိုလ်ချုပ်က ရှေ့တန်းမှာဆို ရန်သူကို ပစ်ကူပစ်တဲ့ထဲမှာပါတော့ အငယ်ကလည်း သေနတ်ကိုင်ပြီး တကယ်တိုက်ပွဲဝင်တယ်။” လို့ သူက ဆိုပါတယ်။

သူဟာ ရှေ့တန်းတွေမှာပဲ အနေများသူမို့  အသက်ဘေးနဲ့ နီးစပ်တဲ့ တိုက်ပွဲတွေလည်း ကြုံခဲ့ရပြီး စခန်းကို ပြန်ရောက်ရင်တော့ သူကြုံခဲ့ရတာတွေကို ဟာသတခုအနေနဲ့ ရဲဘော်တွေကို ပြန်ပြောပြလေ့ရှိပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးတဲ့အခါမျိုး၊ အင်အားမမျှလို့ ပြန်ဆုတ်ရတဲ့အခါမျိုးတွေမှာ သေဘေးက လွတ်ခဲ့ရပုံတွေကို ရယ်ရယ်မောမောနဲ့ ပြောပြတတ်သူပါ။

တော်လှန်ရေးတပ်ဖွဲ့ထဲရောက်သွားပြီး လက်နက်ကိုင်ချိန်မှာ ပင်ပန်းကြောင်း ညည်းညူသံမကြားရဘဲ အရမ်းသန်မာတဲ့သူတယောက်လို ပြောင်းသွားတဲ့ အငယ်ရဲ့ ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှုတွေကို သူငယ်ချင်းဖြစ်သူ Zet ကလည်း အံ့ဩခဲ့ရတယ်လို့ ဆိုပါတယ်။ 

ကျောင်းသူဘဝတုန်းက သူရဲ့ တိုက်တွန်းမှုကြောင့်သာ အားကစားသမားတယောက်ဖြစ်လာခဲ့ပေမယ့် ဆွီးနိကိမ်ဟာ အမောခံနိုင်သူတယောက်မဟုတ်သလို ဘောလုံးကစားကို ဝါသနာပါသူလည်း မဟုတ်ပါဘူးလို့ သူက ရှင်းပြပါတယ်။ 

“သူဘယ်လိုသန်မာသွားတာလဲလို့ ကျနော်အမြဲတွေးတယ်။ ဘာလို့ ဒီလောက်ထိ သန်မာသွားတာလဲပေါ့။ ဒီဘောလုံးအဖွဲ့လေးမှာ Training (လေ့ကျင့်ခန်း) လုပ်ရင်တောင် အရမ်းမောတဲ့သူက ပြည်သူလူထုအတွက်ကျ ပြည်သူဆိုတဲ့စိတ်နဲ့ သန်မာသွားတာလို့ ကျနော်ကတော့ ထင်တယ်”

ရဲဘော်ဆွီးနိကိမ်ဟာ အသားဖြူဖြူ မျက်နှာသွယ်သွယ်နဲ့ တိုင်းရင်းသူပီပီ ချစ်စရာကောင်းပြီး သန့်သန့်ပြန့်ပြန့်လေး နေတတ်တာကြောင့် တပ်ရင်းရှိ လူအကုန် သူ့ကိုချစ်ကြသလို မိန်းကလေးပေမယ့် ကျားကျားလျားလျားနဲ့ ယောက်ျားလေးလိုမျိုး နေတတ်သူဖြစ်ပြီး တပ်သား၊ အရာရှိ မခွဲခြားဘဲ တန်းတူဆက်ဆံတတ်သူလို့ ရဲဘော်ရဲဘက်တွေက မှတ်ချက်ပြုကြပါတယ်။ 

“အမိန့်နာခံမှု အရမ်းရှိတယ်၊ အထက်လူကြီးစကား အမြဲနားထောင်တယ်၊ သူနဲ့နေတဲ့ ငယ်တဲ့သူတွေကိုလည်း အရမ်းလေးစားတတ်တဲ့သူတယောက်” လို့ CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။

ရှေ့တန်းစခန်းနဲ့ တိုက်ပွဲတွေမှာသာ အနေများတဲ့ ဆွီးနိကိမ် (ခ) A Nge ဟာ ဖေဖော်ဝါရီ ၂၃ ရက်မှာ CNDF ရဲ့ ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး၊ ရဲဘော် အာမောစ်ဗန်နိုက်လျန်တို့နဲ့အတူ ဆိုင်ကယ်တွေ စီးပြီး ရှေ့တန်းစခန်းတွေဆီ ထွက်လာခဲ့ကြပါတယ်။ 

အဲဒီအချိန်ဟာ ကလေးမြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်က ကျေးရွာတွေမှာလည်း ဖေဖော်ဝါရီလ ၂၁ ရက်က စတင်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်ပါ။

ရဲဘော်ဆွီးနိကိမ်တို့ ၃ ဦးဟာ ကလေးမြို့နယ်၊ အောင်သာကျေးရွာအနားအရောက်မှာတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးခဲ့ပါတယ်။ 

သူတို့ ၃ ဦးဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိကာ အဖမ်းခံရပြီးမှ အသတ်ခံလိုက်ရတာလို့ သတင်းတွေထွက်ခဲ့သလို အပြန်အလှန်ပစ်ခတ်မှုဖြစ်ရင်း သေဆုံးခဲ့တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ 

ရဲဘော်ဆွီးနိကိမ် အပါအဝင် CNDF ရဲ့ ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူးနဲ့ ရဲဘော် အာမောစ်ဗန်နိုက်လျန်တို့ ၃ သုံးဦးရဲ့ သေနတ်မှန်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အလောင်းပုံတွေကို စစ်ကောင်စီထောက်ခံတဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ 

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ သူတို့ ၃ ဦးစလုံးဟာ စစ်ကောင်စီနဲ့ အပြန်အလှန်ပစ်ခတ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ 

“အလောင်းကတော့ ပြန်မရခဲ့ပါဘူး။ အလောင်းမရှိဘဲနဲ့ သင်္ဂြိုဟ်လိုက်ရတယ်” လို့ သူက ဆိုပါတယ်။  

ကျဆုံးချိန်မှာ ရဲဘော်ဆွီးနိကိမ်ဟာ အသက် ၂၄ နှစ်ပဲရှိသေးကာ CNDF မှာ ပထမဆုံး ကျဆုံးတဲ့ အမျိုးသမီးရဲဘော်လည်း ဖြစ်ပါတယ်။

မိုင်ဂျူလီယာဆွီးနိကိမ် ကျဆုံးသွားတဲ့အတွက် ကလေးတက္ကသိုလ်၊ ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီက ဂုဏ်ပြုဦးညွှတ်ကြောင်း သဝဏ်လွှာကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

နွေဦးတော်လှန်ရေးနဲ့အတူ လက်နက်စွဲကိုင်တိုက်ပွဲဝင်ရင်း ကျောင်းသားပြည်သူအကျိုးမျက်နှာမူကာ ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ဆွီးနိကိမ်အား ယာယီတက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ၊ ကလေးတက္ကသိုလ်မှ လေးစားဦးညွှတ်အပ်ပါတယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော်ဆွီးနိကိမ်ရဲ့ အသက်စွန့်ပြီး ပေးဆပ်စွန့်လွှတ်မှုတွေအတွက် ဂုဏ်ယူကာ ကျောင်းသား အာဇာနည်ရဲဘော်အဖြစ် အသိအမှတ်ပြုအပ်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။ 

မိဆွီးနိကိမ် ကျဆုံးသွားခြင်းဟာ မိသားစုအတွက် အစားထိုးမရတဲ့ အကြီးဆုံးသမီး၊ တပ်ဖွဲ့အတွက် အားထားရတဲ့ ရဲဘော်၊ မိတ်ဆွေတွေအတွက် အဖိုးဖြတ်မရတဲ့ သူငယ်ချင်း၊ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ ကြယ်တပွင့်။

“သူက ခရီးခဏခဏထွက်ရချိန်ဆို ကျနော့်ကို စာပို့တယ်၊ သူငယ်ချင်း သတိရလိုက်တာ၊ ငါတို့ပြန်တွေ့ ကြမယ်နော်၊ အမြဲတမ်း ပြောတယ်။” လို့ အငယ်ရဲ့ အချစ်ဆုံး သူငယ်ချင်း ရဲဘော် Zet က ဆိုပါတယ်။

သူငယ်ချင်းအကြောင်းကို ပြောနေရင်းက ငိုသံပါနေတဲ့ သူ့ရဲ့စကားသံတွေကို ထိန်းချုပ်ပြီး သူက အခုလို စကားပြောဆက်ပါတယ်။

“ခုတော့ ပြန်မဆုံနိုင်တော့ဘူး” 

#မြေလတ်အသံ

#ဆောင်းပါး #မိုင်ဂျူလီယာဆွီးနိကိမ် #ရုပ်ပုံလွှာ #CNDF #ကလေးတက္ကသိုလ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10