မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်ကား ၁ စီးကို ဇန်နဝါရီလ ၂၅ ရက် မနေ့ညနေပိုင်းက မြင်းမူမြို့နယ်၊ နတ်ခရိုင်ရွာနဲ့လယ်ကြီးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အင်အား ၄၀ ဝန်းကျင်ရှိတဲ့ အဆိုပါစစ်ကောင်စီတပ်တွေကို မနေ့ကညနေ ၅ နာရီ ၄၅ မိနစ်ခန့်မှာတိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်အဖွဲ့မှ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။
 
“မနေ့ကနေ့ခင်းပိုင်းမှာ စစ်ကိုင်းတပ်မ ၃၃ ကထွက်လာပြီး မိုင်းရှင်းတဲ့စစ်သားတွေက ညောင်ပင်ဝန်းစခန်းထဲကို ခဏဝင်ပါတယ်။ အဲဒီစခန်းကအပြန်မှာ ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေဖော်ယူသွားတယ်၊ မိုင်းရှင်းတဲ့စစ်သားတွေ ညောင်ပင်ဝန်းစခန်းကနေ ကား ၁ စီးနဲ့ ပြန်အဆုတ်မှာ လက်ကျန်မိုင်း ၅ လုံးနဲ့ နတ်ခရိုင်နဲ့ လယ်ကြီးအကြားမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်” လို့ပြောပါတယ်။
 
မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေဆုံးခဲ့ကာ အလောင်းတွေကို နာရေးကားနဲ့ပြန်တင်သွားရတယ်လို့လည်း သိရပါတယ်။
 
ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ သရဲနီ၊ စွန်ရဲနဲ့ THREE D တို့အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၂ ရက်ကလည်း မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ တပ်စွဲပြီးဆပ်ကြေးကောက်နေတဲ့ စစ်အုပ်စုစခန်းကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10