မိုးညိုမှာ စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုပြီး ဒေသခံတွေကို ပိုက်ဆံတောင်းနေ

မိုးညိုမှာ စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုပြီး ဒေသခံတွေကို ပိုက်ဆံတောင်းနေ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု ၄ အုပ်စုက ကျေးရွာပေါင်း ၄၀ ခန့်မှာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ပိုက်ဆံတောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁ ရက် ဒီမနက်ကစတင်ပြီး အင်းတော်တလုပ်၊ ကြို့ပင်သာ၊ မတော်ကုန်း၊ ထိန်တောကျေးရွာ အုပ်စုတွေထဲက ကျေးရွာတွေထဲမှာ တအိမ်ထောင်ကို ငွေကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ထိတောင်းနေတာလို့ ဆိုပါတယ်။

"ဒီမနက်မှာပဲ အရင်အသုတ်က စစ်မှုထမ်းပါသွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေတောင်းတာ။ တတ်နိုင်သူတွေက ၅၀၀၀၀ လောက်ထည့်ကြ။ ဂုဏ်ပြုမှတ်တမ်းထုတ်ပေးမယ် ဘာညာဆိုပြီး ပြောတယ်။ သာမန်အိမ်တွေက မရှိသူဆို ၅၀၀၀၊ နည်းနည်းရှိသူဆို ၁၀၀၀၀ ဆိုပြီးထည့်ခိုင်းတာ"လို့ ဒေသခံတဦးကပြောပါတယ်။

အုပ်ချုပ်ရေးအဖွဲ့တွေက ငွေတောင်းခံချိန် မပေးချင်ပေမယ့်လည်း ဒေသခံအချိူ့က ရန်ရှာခံရမှာကြောက်ပြီး ထည့်ကြသူတွေရှိသလို အချို့ကလည်း “အဆင်မပြေသေးဘူး နောက်မှပေးမယ်” ဆိုပြီး ပြန်လည်ပြောဆိုလိုက်တာတွေ ရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ စစ်မှုထမ်းပထမအသုတ်မှာ အဆိုပါကျေးရွာအုပ်စုတွေထဲက ကျေးရွာအုပ်စုတစုကို လူဦးရေ ၂၀ စီ စစ်မှုထမ်းဖို့ခေါ်ဆောင်ခံရပြီး အဲဒီထဲကအချို့ဟာ လက်ရှိကာလမှ စစ်သင်တန်းတက်ရောက် နေသူတွေရှိသလို စစ်သင်တန်းမတက်ရောက်ရသေးဘဲ စောင့်ဆိုင်းနေရသူတွေလည်း ရှိတယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

စစ်မှုထမ်း ပထမအသုတ်ခေါ်ယူရာမှာ အဆိုပါကျေးရွာအုပ်စုတွေအတွင်းက အုပ်ချုပ်ရေးမှူးတွေဟာ သူတို့နဲ့နီးစပ်သူတွေကိုပါ ထောက်ပံ့ကြေးပေးမယ်ဆိုကာ စည်ရုံးပြီး စစ်သင်တန်းထဲ ထည့်ပေးလိုက်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မိုးညိုမြို့နယ်ထဲမှာ စစ်မှုထမ်းဒုတိယအသုတ်အတွက် ကျေးရွာတွေကနေ လူစာရင်း ထပ်မံပေးဖို့ စစ်ကောင်စီဘက်က တောင်းခံတာတွေရှိလာလို့ ကျေးရွာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေက စစ်မှုထမ်းလူစာရင်းကောက်ခံဖို့ ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။ 

မိုးညိုနယ်ဝန်းကျင်ရှိ မင်းလှမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စုမှာလည်း ပေါ်တာကြေး ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အခုနှစ်ဧပြီလနောက်ဆုံးအပတ်က စတင်ပြီး တအိမ်ကို ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ပိုက်ဆံကောက်ခံတာတွေလည်း ရှိနေပါတယ်။ 

ပုံစာ - မိုးညိုမြို့နယ်မှ စစ်မှုထမ်းစာရင်းပါသူများ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မိုးညို #စစ်မှုထမ်း #ထောက်ပံ့ #ပိုက်ဆံတောင်း #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10