မုန်တိုင်းကြောင့် စစ်ကိုင်းနဲ့မကွေးတိုင်း၂ခုမှာ နေအိမ် ၃လုံးသာ ပျက်စီးတယ်လို့ စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းကြောင့် စစ်ကိုင်းနဲ့မကွေးတိုင်း၂ခုမှာ နေအိမ် ၃လုံးသာ ပျက်စီးတယ်လို့ စစ်ကောင်စီထုတ်ပြန်

စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်းတွေကို ဒီကနေ့ မေလ ၁၅ ရက် မနက်ပိုင်းက စစ်ကောင်စီထိန်းချုပ်မီဒီယာတွေမှာဖော်ပြရာမှာ စစ်ကိုင်းတိုင်းဒေသကြီးက ရပ်ကွက်၊ ကျေးရွာ ၇ ခုမှာ လူနေအိမ် ၁ လုံးနဲ့ မကွေးတိုင်းဒေသကြီးက ရပ်ကွက်၊ ကျေးရွာ ၁၄ ခုမှာ လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာတော့ ရပ်ကွက်၊ ကျေးရွာ ၇၂ ခုမှာ လူနေအိမ် ၁၁၃ လုံး ထိပျက်စီးတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ တာဝါတိုင် ၃ ခု၊ လမ်းမီးတိုင် ၁၃ တိုင်၊ အုတ်တံတိုင်း ၃ ခု မကွေးတိုင်းမှာ လမ်းမီးတိုင် ၉ တိုင်၊ စိုက်ခင်း ၇၈ ခင်း၊ ပဲခူးတိုင်းမှာ တာဝါတိုင် ၂ ခု ၊ လမ်းမီးတိုင် ၁ တိုင်၊ ဆိုင်းဘုတ် ၁ ခု ပျက်စီးတယ်လို့ ဖော်ပြပါတယ်။


စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းဟာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ဖြတ်သန်းရာဒေသတွေဖြစ်ပြီး မုန်တိုင်းမဝင်ရောက်မီထဲက မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းလို့ ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မကွေးတိုင်း၊ မင်းဘူးခရိုင်ထဲက စလင်းချောင်းရေကြီးလို့ စလင်းနဲ့ဆင်ဖြူကျွန်းမြို့နယ်အတွင်းက စလင်းဆည်အနီး၊ စလင်းချောင်းတလျှောက်နဲ့ ချောင်းအောက်ဘက်ဒေသ ရွာ ၂၀ ခန့်မှာ နေအိမ်တွေရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတာပါ။

“ စလင်းချောင်းရေကြီးတာမှာ ရေမြုပ်တဲ့ ရွာတင် ၁၄၊၅ ရွာလောက်ရှိတယ်။ ထိခိုက်ပျက်စီးကအိမ်အလုံးလိုက် မမျောသွားတာလွဲရင် ရေစီးတအားသန်တော့ နေအိမ်တွေထဲက ပစ္စည်းတွေအကုန်မျောတာ ဘာမှပြန်မရဘူး။ တချို့ဆို အိမ်စီးကားမျောသွားတဲ့သူတွေတောင်ရှိတယ်” လို့ စလင်းဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာလည်း မေလ ၁၃ ရက် ညပိုင်းထဲက မိုးသည်းထန်စွာရွာသွန်းခဲ့တာပြီး မေလ ၁၄ ရက် မနက်အစော ၂ နာရီလောက်မှာ နှစ် ၃၀ ခန့်ရှိ သစ်ပင်ကြီးတွေလဲကျတာကြောင့် ရဲဝန်ထမ်းလိုင်းခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ်အားလုံးမှာ လူနေအိမ် ၈၆၄ လုံး ၊ သာသနိကအဆောက်အဦး ၁၁ လုံး ၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း ၊ စာသင်ကျောင်း ၆၄ ကျောင်း ၊ ဆေးရုံ/ဆေးခန်း ၁၄ ခု ၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု ၊ လမ်းမီးတိုင် ၇၁ တိုင် ၊ ဌာနဆိုင်ရာ အဆောက်အဦး ၃၈ လုံးပျက်စီးခဲ့ပြီး ၊ ဒေသခံပြည်သူ ၃ ဦး သေဆုံးကာ ၊ ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိတယ်လို့ ထုတ်ပြန်ပါတယ်။


#မြေလတ်အသံ
#မိုခါမုန်တိုင်း #ပျက်စီးဆုံးရှုံးမှု #စစ်ကောင်စီ #ထုတ်ပြန်ချက် #စစ်ကိုင်းတိုင်း #မကွေးတိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10