မုံရွာက အမျိုးသားတဦး ပျောက်ဆုံးနေလို့ အသက်အန္တရာယ်အတွက် မိသားစုစိုးရိမ်နေ

မုံရွာက အမျိုးသားတဦး ပျောက်ဆုံးနေလို့ အသက်အန္တရာယ်အတွက် မိသားစုစိုးရိမ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေးကြီးရပ်ကွက်၊ ပညာမိုး အမှတ်(၂)လမ်းနေ အမျိုး သား ၁ ဦး ပျောက်ဆုံးနေပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရမှာကို မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခန့်မှာ ကိုပြေဇော်ကို အသက် ၃၀ နှစ်ဟာ နေအိမ်ကနေ မုံရွာကားကြီးဝင်းကို ပစ္စည်းပို့ဖို့ ဆိုင်ကယ်နဲ့ထွက်သွားပြီးနောက် အဆက်အသွယ်ပြန်မရတော့ပဲ ပျောက်ဆုံးနေတယ်လို့ သူ့ရဲ့ အမျိုးသမီးဖြစ်သူက ပြောပါတယ်။

"သူက သနပ်ခါးတုံးတွေ ပို့စရာရှိတယ်ဆိုပြီး ကားဂိတ်သွားတာ။ သူပစ္စည်းမပို့ခင် ဖုန်းခေါ်လိုက်တာ စကား​ပြောရသေးတယ်။ နောက်တကြိမ် ထပ်ခေါ်တဲ့အခါကျတော့ ဖုန်းဝင်ပြီး မကိုင်တော့ဘူး။ ထပ်ခါထပ်ခါ ခေါ်တော့ မကိုင်တော့ပဲ စက်ပါပိတ်သွားတယ်။ ဒီနေ့ထိ အဆက်အသွယ်မရတော့ဘူး" လို့ ပြောပါတယ်။

အမျိုးသားဖြစ်သူ ပျောက်ဆုံးနေလို့ နိုင်ငံရေးကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီးခံရတယ်ထင်ပြီး စိုးရိမ်စိတ်နဲ့ မုံရွာက ရဲစခန်း၊ စစ်ကောင်စီစစ်ကြောရေးနေရာတွေကို သွားရောက်စုံစမ်းပေမယ့် အခြေအနေ မသိရတာကြောင့် ပိုမိုစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ကိုပြေဇော်ကို ကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားတာ ဖြစ်နိုင်သလို မသမာသူတွေကလည်း ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေ ခန့်မှန်းနေကြပြီး ပျောက်ဆုံးသွားချိန်မှာ ဖုန်း ၁ လုံးနဲ့ ဆိုင်ကယ်စျေးအသင့်တင့် ၁ စီးသာ ပါသွားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၅ ရက်က မုံရွာမြို့ ဇောင်းကြမ်းပင်ကျောင်းတိုက်မှာ နေထိုင်တဲ့ အမျိုးသား ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားသလို သလ္လာရပ်ကွက်က လူငယ် ၁ ဦးကိုလည်း ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10