မြင်းမူက စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

မြင်းမူက စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၂၂ ရက်ဒီမနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မြင်းမူမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ အဲ့ဒီတပ်စခန်းမှာ စစ်ကောင်စီအင်အား ၄၀ ဝန်းကျင် တပ်စွဲနေပြီး  သူတို့ဟာ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ဆပ်ကြေးတောင်းတာတွေ လုပ်နေတဲ့အတွက် ဒီမနက် ၁၁ နာရီဝန်းကျင်မှာ မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ -မြင်းခြံခရိုင်မှ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

“လမ်းသွားလမ်းလာ ကားတွေ၊ ဆိုင်ကယ်တွေကို နေ့တိုင်းငွေတောင်းယူ ရမ်းကားနေတဲ့ စစ်**တွေပါ။ အဲဒီစခန်းကို အနီးကပ် မီတာ ၁၀၀ ကနေ ပစ်ခတ်ခဲ့တာ။ စစ်** ၃ ကောင်သေပြီး ၂ ကောင် ထိခိုက်တယ်လို့ ကျနော်တို့ သိရတယ်” လို့ ပြောပါတယ်။ 

ကာကွယ်ရေးတပ်တွေအနေနဲ့ အဲ့ဒီစခန်းကိုသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် ပြည်သူတွေရဲ့ကားတွေက ဆက်တိုက်ဆိုသလို ဖြတ်နေတာကြောင့် ထိခိုက်မှာစိုးရိမ်လို့ ဆက်ပြီးမတိုက်ခိုက်ပဲ နောက်ဆုတ်ခဲ့ရတယ်လို့လည်း ဗိုလ်သက်ကြီးက ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်နဲ့ GTR(MMU)၊ တပ်ရင်း (၂) စစ်ကိုင်းခရိုင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကလည်း စစ်ကိုင်းအခြေစိုက် တမခ ၃၃ ကနေ မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီကားကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်အဖွဲ့က နတ်ခရိုင်ရွာနဲ့ လယ်ကြီးရွာအကြားမှာ မိုင်းဆွဲခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ပါသေးတယ်။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10