မြန်မာယန်စီနဲ့ မြန်မာဝမ်ပေါင်တို့ကို အဓိက ဆန္ဒဖော်ထုတ်ခဲ့တဲ့ ၁ လေးလုံးနေ့ လူထုသပိတ်

မြန်မာယန်စီနဲ့ မြန်မာဝမ်ပေါင်တို့ကို အဓိက ဆန္ဒဖော်ထုတ်ခဲ့တဲ့ ၁ လေးလုံးနေ့ လူထုသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံလူထုသပိတ်ရဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရက်ပေါင်း ၁၁၁၁ ရက်မြောက်နေ့အဖြစ် တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ မြန်မာယန်စီနဲ့ မြန်မာဝမ်ပေါင်တို့ကို စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလူထုသပိတ်မှာတော့ မြန်မာယန်စီနဲ့ မြန်ဝမ်ပေါင် ကုမ္ပဏီတို့က သတ္တုတွင်းလုပ်ငန်းလည်ပတ်ရန် ကြိုစားနေတာကို ရပ်တန့်ဖို့နဲ့ စစ်အကြမ်းဖက်အုပ်စုနဲ့ပေါင်းပြီး မြန်မာပြည်သူတွေကိုသတ်နေတာ ရပ်တန့်ဖို့လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဗီနိုင်းတွေကို ကိုင်ဆွဲကာ ဆန္ဒပြခဲ့ကြပါတယ်။ 

"စကစနဲ့ တရုတ်တွေနဲ့ပူးပေါင်းပြီး လည်ပတ်နေတဲ့အလုပ်တွေဖြစ်တော့ ဒီကုမ္ပဏီတွေရဲ့လုံခြုံရေးကို စကစ ဘက်က ယူပေးတယ်။ ကြေးနီတွေကို သယ်တဲ့အခါတွေမှာလည်း ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ ကင်းတွေယူတယ်။ ဒေသတွေတောင်သူတွေ တိမ်းရှောင်ရတယ်။ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တယ်။" လို့ သပိတ်ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ CDM ကျန်းမာရေးဆရာမ မအိသန္တာက ပြောပါတယ်။

ဒါ့အပြင် အဲဒီကုမ္ပဏီတွေကို သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သင်္ကြန်မတိုင်ခင်က စစ်ကြောင်းထိုးတာရက် ၂၀ ကြာခဲ့ပြီး အခုလည်း စစ်ကြောင်းထိုးနေတာ ၁၇ ရက်ရှိနေပြီဖြစ်လို့ ဒေသခံတွေစစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

"လမ်းဘေးဝဲယာကရွာတွေကို ဝင်လိုက်ထွက်လိုက်၊ လက်နက်ကြီးငယ်နဲ့ရမ်းပစ်လိုက်၊ ပြီးရင် သူတို့လိုချင်တဲ့ပစ္စည်းတွေကိုသယ်ယူလိုက်။ အခုလည်းလုပ်တယ်ပေါ့နော်။ ပြီးရင် ဒေသခံပြည်သူတွေလည်း ၂၀၂၁ နောက်ပိုင်း အသတ်ခံရတာတွေရှိခဲ့တယ်။ အဓိကကတော့ ကုမ္ပဏီတွေက ပြည်သူပစ္စည်းတွေကို အကြမ်းဖက်ယူနေတဲ့ ပစ္စည်းအသက်အိုးအိမ်စည်းစိမ်ကိုဖျက်ဆီးနေတဲ့ စကစတွေရဲ့ အဝင်အထွက်ကို သူတို့လက်ခံတာပဲ" လို့ မအိသန္တာက ဆက်ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုကိုတော့ ယမန်နေ့ မေ ၇ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသခံစစ်ရှောင်ပြည်သူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ လူထုသပိတ်တွေနဲ့ အခြား တော်လှန်ရေးအင်အားစုတွေက ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဲဒီဒေသတွေမှာ စစ်ကောင်စီစစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံ ၁ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

 

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ဆားလင်းကြီး #ရွာပေါင်းစုံသပိတ် #၁၁၁၁ရက်မြောက်ဆန္ဒထုတ်ဖော် #တရုတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10