မြိုင်နယ်က PDF စခန်းတခုစီးနင်းခံရ၊ စခန်းအနီးရှိ ကျေးရွာမှ ကလေးအပါ ဒေသခံ ၂၀ ကျော်ကို ဖမ်းပြီး ၂ ဦးကို စစ်တပ်သတ်သွား

မြိုင်နယ်က PDF စခန်းတခုစီးနင်းခံရ၊ စခန်းအနီးရှိ ကျေးရွာမှ ကလေးအပါ ဒေသခံ ၂၀ ကျော်ကို ဖမ်းပြီး ၂ ဦးကို စစ်တပ်သတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံသစ်ရွာနားက ကာကွယ်ရေးစခန်းတခုစီးနင်းခံရသလို ၅ နှစ်အောက်ကလေး ၅ ဦးအပါအဝင် ဒေသခံ ၂၉ ဦးကိုလည်း စစ်ကောင်စီတပ်က မျက်နှာဖုံးစွပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ Black Cobra တပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၇ ရက်မှာ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုုပ်ကနေ အင်အား ၈၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကံတော်ရွာထဲကို ည ၉ နာရီလောက်မှာ ဝင်ရောက်သွား ခဲ့ပါတယ်။

အဲဒီနောက် မေ ၈ ရက် မနက် ၅ နာရီခွဲလောက်မှာတော့ ကံတော်ရွာ နဲ့ ၄ မိုင်လောက်ဝေးတဲ့ ကံသစ်ရွာဘက်မှာရှိတဲ့ ကာကွယ်ရေးတပ်စခန်းထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာကာ စခန်းထဲမှာရှိတဲ့ ကားတစီးနဲ့ တဲတွေအားလုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ Black Cobra တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ ကျနော်တို့တွေ လုံခြုံရေးကင်း ၅ ကင်းလောက်ချထားတာ။ အဲဒါကိုကျော်ပြီးတော့ သူတို့က ဝင်လာတာ၊ ရဲဘော်တွေ အဖမ်းခံရတာတော့မရှိပါဘူး။ ကျနော်တို့စခန်းထဲမှာကျန်ခဲ့တဲ့ ကျည်တောင့် ၁၅၀၀ နဲ့ ငွေကျပ် သိန်း ၁၀၀ ရယ်၊ ကားတစီးရယ် အဲဒါတွေကိုတော့ဆုံးရှုံးလိုက်ရတယ်။ ရဲဘော်တွေရဲ့ ကျည်ဘောက်တွေ လည်းပါသွားတယ်။ အဝတ်အစားတွေကိုလည်း မီးရှို့သွားတယ် ” လို့သူက ပြောပါတယ်။

Black Cobra စခန်းဟာ ကံသစ်ရွာ နဲ့ ၄ မိုင်အကွာမှာသာရှိတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ ယင်းကာကွယ်ရေးစခန်းကို မီးရှို့ပြီး ကံသစ်ရွာထဲကို ဆက်လက်ဝင်ရောက်လာလို့ ဒေသခံတချို့ဟာ ထွက်ပြေးချိန်မရလိုက်တဲ့အတွက် ကျေးရွာထဲက ၅ နှစ်အောက်ကလေးငယ် ၅ ဦးအပါအဝင် ၂၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲမှာ အမျိုးသမီးတချို့လည်းပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးလာချိန် ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ကံသစ်ရွာသား အသက် (၄၀)ကျော်အရွယ် ဦးအောင်ဇော်ဦးနဲ့  သမင်အုပ်ရွာကနေလာတဲ့ ဦးနန်းအောင် (၄၀) နှစ်တို့ ၂ ဦးဟာ ဖမ်းဆီးနှိပ်စက်ခံရပြီး ဦးအောင်ဇော်ဦးကိုတော့ နှာခေါင်းနားကို သေနတ်နဲ့ပစ်သတ်သွားသလို ဦးနန်းအောင်ကိုလည်း ဦးခေါင်းပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

“ သူတို့ ၂ ဦးကို တနေရာတည်းမှာတွေ့တာ။ ရွာရဲ့ အနောက်တောင်ဘက်မှာ ပက်လက်အနေအထားပြန်တွေ့တာ။ ခြေထောက်တွေမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ စစ်ကြောင်းထိုးလာတဲ့အချိန် လက်နက်ကြီးတွေလည်းထုတော့ သူတို့လည်း ရှောင်ရင်းအဖမ်းခံလိုက်ရတော့တာပဲ။” လို့ Black Cobra တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဒါ့အပြင် ယင်းစစ်ကောင်စီတပ်သားတွေဟာ ကံသစ်ရွာလယ်မှာရှိတဲ့ ဒေသခံတွေရဲ့ နေအိမ် ၁၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေကလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ဆိုပါတယ်။ 

ကံသစ်ရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့အတူ ကံသစ်ရွာနဲ့ ၁၈ မိုင်လောက် ဝေးတဲ့ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။ 

ဒီနေ့မနက်အချိန်ထိ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူတွေရဲ့ သတင်းကို ဘာမှမကြားရသေးသလို ပြန်လည် လွတ်မြောက်လာတာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မြိုင် #ကံသစ်ရွာ #PDFစခန်း #စီးနင်း #ပြည်သူ #ဖမ်းဆီး #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10