ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့  ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံညင်းကျေးရွာနဲ့ သော်ကဲဘကျေးရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့က ရှော့တိုက်မိုင်း ၃ လုံးတပွိုင့်နဲ့ ဆွဲခဲ့လို့ ရှေ့ပြေးမိုင်းရှင်းတဲ့စစ်ကောင်စီတပ်သား ၅ ဦးထဲက ၂ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ရေစကြို - ပခုက္ကူကားလမ်းဘေးမှာရှိတဲ့ တောင်အိုတာတိုင်ဂိတ်ကနေထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သားတွေ ကို မေ ၂ ရက် မနေ့ကနေ့လယ် ၁၂ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ပကဖ က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေ တောင်အိုတာတိုင်ကနေထွက်ပြီးကတည်းက သတင်းရရှိခဲ့လို့ ၅ မိုင်အကွာခန့်မှာရှိတဲ့ မုံညင်းကျေးရွာနဲ့ သော်ကဲဘကျေးရွာကြားမှာ စောင့်ဆိုင်း မိုင်းဆွဲခဲ့တာဖြစ်ပြီး သေဆုံးမှုကိုတော့ ဒရုန်းကနေမျက်မြင်တွေ့ရတာလို့ ရေစကြိုမြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ပြန်လည်ပစ်ခတ်တာမျိုးတွေ မပြုလုပ်တော့ဘဲ ထိခိုက်ဒဏ်ရာသူတွေကို မုံညင်းကျေးရွာကနေတဆင့် ခလရ ၂၅၆ တပ်ထဲကို စောင်တွေနဲ့ ထမ်းခေါ်သွားတယ်လို့လည်း သိရပါတယ် ။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ပကဖနဲ့ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်သားတွေကို ကြိုတင်စောင့်ဆိုင်းပြီး သွားရောက်ပစ်ခတ်ခဲ့လို့ ပျုစောထီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့လည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့နယ် #စစ်အုပ်စု #မိုင်းဆွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10