ရှေ့တန်းထွက်မယ့်ရဲဘော်တွေကို သေနတ်ပစ်ပြိုင်ပွဲကျင်းပပေးပြီး ထူးချွန်သူတွေကိုဆုငွေချီးမြှင့် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မှာ ရှေ့တန်းထွက်မယ့် ရဲဘော်တွေကို ဧပြီ ၃၀ ရက်မှာ သေနတ်ပစ်ပြိုင်ပွဲပြုလုပ်ပေးပြီး ထူးချွန်တဲ့ရဲဘော်တွေကို ဆုငွေချီးမြှင့်ခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၅ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။

အဲဒီပြိုင်ပွဲကို မနက် ၆ နာရီခွဲလောက်ကနေ ၁၁ နာရီခွဲအထိ ကျင်းပခဲ့တာဖြစ်ပြီး ပခုက္ကူခရိုင် တပ်ရင်း ၁၅ ရဲ့ ရဲဘော် ၄၀ ဦးခန့်က ပါ၀င်ယှဥ်ပြိုင်ခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၅  ကျားသစ်နက်တပ်မတော် ရဲ့ တာဝန်ရှိသူ ရဲဘော် ကလေး ကပြောပါတယ်။

ပြိုင်ပွဲအတွင်းမှာ တပ်ဖွဲ့ရဲ့ လိုအပ်ချက်အရ ရဲဘော် ၁ ဦးကို ကျည် ၂ တောင့်သာ ပစ်ခွင့်ရခဲ့ပြီး ပစ်မှတ်ကိုမှန်အောင်ပစ်ခတ်နိုင်တဲ့ ထူးချွန်ရဲဘော် ၄ ဦးကို ပထမဆု ၅ သောင်းကျပ်၊ ဒုတိယဆု ၃ သောင်းကျပ်၊ တတိယဆု ၂ သောင်းကျပ်၊ စတုထ္ထဆု ၁ သောင်းကျပ် ချီးမြှင့်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

"သေနတ်ပစ်လေ့ကျင့်ခန်းပေါ့။ ရဲဘော်တွေလည်း ပွဲနဲ့အလှမ်းဝေးနေလို့ သေနတ်ပစ်လေ့ကျင့်ခန်းပြုလုပ်ခဲ့တာပါ။ ရှေ့တန်းသွားရမယ့် ရဲဘော်တွေကို ဦးစားပေး ကျင်းပခဲ့တာပါ၊ ထူးချွန်ရဲဘော်၄ဦးကို ပ၊ဒု၊တ၊စတုထ္ထ ဆိုပြီး ချီးမြှင့်ခဲ့တာ။ ချီးမြှင့်တာက ငွေသားပေါ့။ သူတို့လည်းပျော်အောင် သုံးစရာလည်းရအောင်ဆိုပြီး ပထမဆုကို ၅ သောင်း၊ ဒုတိယဆုကို ၃သောင်း၊ တတိယဆုကို ၂ သောင်း၊ စတုထ္ထဆုကို ၁ သောင်း ချီးမြှင့်ခဲ့တာပါ"လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၅ တာ၀န်ရှိသူ ရဲဘော် ကလေး ကပြောပါတယ်။

ဒါ့အပြင် ပစ်မှတ်လွဲချော်တဲ့ရဲဘော်တွေကိုတော့ သစ်တုံးထမ်းကာ လေ့ကျင့်ကွင်းကိုပတ်ပြေးတာတွေလုပ်စေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပြိုင်ပွဲကို  ပခုက္ကူခရိုင် တပ်ရင်း ၁၅ ရဲ့ တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်တို့က တက်ရောက်ခဲ့ပြီး တပ်ရင်းမှူးက ဆုချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း ၁၅ ဟာ ဧပြီ ၂၉ရက်ကလည်း ပြည်သူတွေလှူဒါန်းတဲ့ငွေနဲ့ တပ်ရင်းရဲ့တပ်ခွဲ ၁ခွဲစာရဲဘော်တွေကို ယူနီဖောင်းအပ်ပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

သတင်းနှင့်တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မြိုင် #ကျားသစ်နက်တပ်မတော် #သေနတ်ပစ်ပြိုင်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10