လက်ပံတန်းက စတိုးဆိုင်တခု ဖောက်ထွင်းခံရပြီး ငွေသိန်း ၂၀၀၀ ခန့်နဲ့ ရွှေ ၃ ပိဿာနီးပါး ပါသွား

လက်ပံတန်းက စတိုးဆိုင်တခု ဖောက်ထွင်းခံရပြီး ငွေသိန်း ၂၀၀၀ ခန့်နဲ့ ရွှေ ၃ ပိဿာနီးပါး ပါသွား

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့က စတိုးဆိုင်တခု ဇွန်လ ၆ ရက် မနက် အစော ၁ နာရီခန့်မှာ ဖောက်ထွင်းခံရလို့ ငွေသားနဲ့ ရွှေထည်တွေအများအပြား ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်၊ ကုလားကုန်းရပ်၊ လမ်းမတော်လမ်းမှာရှိတဲ့ သိန်းသိန်းစတိုး ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး အပေါင်ဆိုင်နဲ့ပါ တွဲဖက်ဖွင့်ထားတာကြောင့် ရွှေထည်အများအပြားပါ ဖောက်ထွင်းခံခဲ့ရတာလို့ မြို့ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

“ဆိုင်ရှင်တွေက လက်ပံတန်းမှာ အရမ်းချမ်းသာကြတဲ့သူတွေ။ တခြားဟိုတယ်တွေလည်းပိုင်တာရှိတယ် ။ စတိုးဆိုင်က အပေါင်ဆိုင်နဲ့တွဲဖွင့်ထားတာ။ ဆိုင်ရော၊ အိမ်ရောတွဲထားတာပေါ့။ ညသန်းခေါင်ကျော် ဝင်ပြီး ဖောက်ထွင်းသွားတာ ဆိုင်ကလူတွေလည်း တယောက်မှမနိုးဘူး” လို့ ပြောပါတယ်။ 

စတိုးဆိုင်အတွင်းရှိ မီးခံသေတ္တာဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး ဖောက်ထွင်းခံရမှုကြောင့် ငွေကျပ် သိန်း ၂၀၀၀ ခန့်နဲ့ ရွှေထည်ပစ္စည်းမျိုးစုံ ၇၀၀ ကျော် ရွှေချိန် ၃ ပိဿာနီးပါး ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

ဆိုင်တွင်း CCTV တွေကို ပြန်လည်စစ်ဆေးရာမှာ ဝင်ရောက်ဖောက်ထွင်းနေတဲ့ အမျိုးသားတဦးကို တွေ့ ရှိခဲ့ပြီး ဆိုင်ပြင်က CCTV ကင်မရာတွေကိုတော့ ဖောက်ထွင်းသူတွေက ရွှံ့နဲ့ပိတ်ကာ အိမ်အနောက်ဘက်ကနေ ဝင်ရောက်ဖောက်ထွင်းသွားလို့ သိရပါတယ်။

ဖောက်ထွင်းခံရတဲ့ စတိုးဆိုင်ဟာလည်း လက်ပံတန်းမြို့မရဲစခန်းနဲ့ ၁ မိုင်ခန့်အကွာမှာသာ တည်ရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကလည်း လက်ပံတန်းမြို့၊ ဗိုလ်အောင်ကျော်လမ်းက နေအိမ်တခုမှာ နေ့ခင်းဘက်ကြီး အိမ်ရှင်ကိုကြိုးတုပ် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါသေးတယ်။

 ပုံစာ - ဖောက်ထွင်းခံခဲ့ရတဲ့ လက်ပံတန်းမြို့က သိန်းသိန်းစတိုး။ (ပုံဟောင်း)

သတင်း နှင့် စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #သိန်းသိန်းစတိုး #ဖောက်ထွင်းခံရ #ငွေသား #ရွှေထည် #ဆုံးရှုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10