လိုင်ဇာကို ထိုးစစ်ဆင်နေတဲ့ တပ်မ ၈၈ ရဲ့ နောက်တန်းတပ်ရင်းတွေကို နေ့စဉ် ၁၂ နာရီကြာ အန္တရာယ်ကင်း ပရိတ်ရွတ်ခိုင်း

လိုင်ဇာကို ထိုးစစ်ဆင်နေတဲ့ တပ်မ ၈၈ ရဲ့ နောက်တန်းတပ်ရင်းတွေကို နေ့စဉ် ၁၂ နာရီကြာ အန္တရာယ်ကင်း ပရိတ်ရွတ်ခိုင်း

မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်(တမခ ၈၈) လက်အောက်တပ်ရင်းတွေမှာ ပရိတ်၊ပဌာန်း အပါအဝင် တရားစာတွေကို တရက်ကို ၁၂ နာရီကြာ ရွတ်ဖတ်နေရတယ်လို့ တပ်မနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

တပ်မ ၈၈ နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ KIO ဌာနချုပ် လိုင်ဇာမြို့နဲ့အနီးတဝိုက်မှာ ထိုးစစ်ရင်ဆိုင်နေရတာဖြစ်ပြီး တိုက်ပွဲတွေစတင်ပြင်းထန်ချိန် အောက်တိုဘာလနောက်ဆုံးအပတ်က စတင်ကာ နောက်တန်းတပ်ရင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်တွေကို ပရိတ်၊ပဌာန်းတွေရွတ်ဖတ်ဖို့ ညွှန်ကြားတာလို့ ဆိုပါတယ်။

“ သူတို့(၈၈)တပ်တွေ လိုင်ဇာနား ထိုးနေရလို့ တနေကုန်မနက် ၆ ကနေ ည ၆ အထိ အလှည့်နဲ့ တောက် လျှောက်ရွတ်ခိုင်းနေတာ။ တပ်မ ညွှန်ကြားချက်နဲ့ကို ရွတ်နေရတာ” လို့ မကွေးတပ်မ ၈၈ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရှေ့တန်းရောက်စစ်ကောင်စီတပ်သားတွေ အသက်အန္တရာယ်ကင်းရှင်းရေးနဲ့ တိုက်ပွဲအောင်မြင်ရေးအတွက် ရွတ်ဖတ်စေခိုင်းတာဖြစ်ပြီး အဲ့ဒီလိုရွတ်ဖတ်ရတာမှာ ပရိတ်ကြီး ၁၁ သုတ်၊ ပဌာန်းကျမ်း၊ ဓာရဏပရိတ်စတဲ့ သုတ္တန်တွေအပါအဝင် ၇ မျိုးထက်မနည်း ရွတ်ဖတ်ဆုတောင်းရတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာပဲ လိုင်ဇာမြို့အနီးတဝိုက်မှာရှိတဲ့ ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့  ကန်တော်ယန်တပ်စခန်းကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ KIA အပေါ်ထားတဲ့ စိတ်ရှည်သည်းခံမှုကုန်ဆုံးပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခဲ့ပါသေးတယ်။

အောက်တိုဘာလအတွင်းမှာပဲ လိုင်ဇာမြို့အနီးရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီး တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။

တပ်မ ၈၈ ဟာ မကွေးမြို့အခြေစိုက် တပ်မဖြစ်ပြီး မကွေးမြို့ရှိ ခမရ ၃၀၁၊ ခမရ ၃၁၇ ၊ စကုအခြေစိုက် ခလရ ၁၀၊ ညောင်ဦးမြို့နယ်အခြေစိုက် ခမရ ၄၁၅၊ ခလရ ၇၈၊ စလေအခြေစိုက် ခမရ ၄၁၆၊ ရေနံချောင်း အခြေစိုက် ခလရ ၇၇၊ ချောက်အခြေစိုက် ခလရ ၁၃၊ မိချောင်းရဲအခြေစိုက် ခလရ ၈၃၊ တောင်တွင်းကြီး အခြေစိုက် ခမရ ၁၀၃ စတဲ့ တပ်ရင်း ၁၀ ခုကိုကွပ်ကဲရတာဖြစ်ကာ လက်ရှိမှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး ထိုးစစ်ဆင်ဝင်ရောက်နေရတာလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ မိသားစုဝင်များ ဝတ်ရွတ်နေပုံ (ပုံဟောင်း)။

#မြေလတ်အသံ

#မကွေး #တပ်မ၈၈ #လက်အောက်ခံ #တပ်ရင်းများ #တရားစာ #ရွတ်ဖတ်ခိုင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10