အချုပ်သားနဲ့ကင်းသမားထွက်‌ပြေးမှုမှာ တာဝန်ကျကင်းတွဲစစ်သား ၂ ဦးနဲ့ အရာရှိ ၁ ဦး ဖမ်းဆီးခြိမ်းခြောက်ခံထားရ

အချုပ်သားနဲ့ကင်းသမားထွက်‌ပြေးမှုမှာ တာဝန်ကျကင်းတွဲစစ်သား ၂ ဦးနဲ့ အရာရှိ ၁ ဦး ဖမ်းဆီးခြိမ်းခြောက်ခံထားရ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် ခလရ ၁ တပ်ရင်း က အချုပ်သား ၁ ဦးနဲ့ ကင်းသမား ၂ ဦး မတ်လ ၂၃ ရက် မနက်အစောပိုင်းက ထွက်ပြေးသွားလို့ အဲ့ဒီနေ့ တာဝန်ကျအရာရှိနဲ့ ဗဟိုကင်းတာဝန်ကျကင်းတွဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ အခင်းဖြစ်ပွားတဲ့နေ့က ဗဟိုကင်းတာဝန်ကျကင်းမှူး တပ်ကြပ်ကြီး ရဲလှိုင်ဝင်း၊ ဒု-ကင်းမှူး ဒုတပ်ကြပ် ဇော်လတ်နဲ့ တာဝန်မှူးအရာရှိ သန့်ဇင်တို့ဖြစ်ပြီး သူတို့ကို ကင်းတာဝန်ပေါ့လျော့မှုနဲ့ အဲ့ဒီနေ့မနက်ပိုင်းမှာဘဲ ဖမ်းဆီးထားခဲ့တာလို့ တပ်တွင်းသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။
 
“ဖြစ်တာကသူတို့ ကင်းချိန်မှာဖြစ်တာတော့မဟုတ်ဘူး။ ကင်းမှူးနဲ့ဒုကင်းမှူးက ညဦးပိုင်းစောင့်ရတာ။ ထွက်ပြေးတာက အချုပ်သားနဲ့သူတို့အောက်က ကင်းကျတဲ့သူတွေထွက်ပြေးတာဆိုတော့ တာဝန်ပေါ့လျော့တယ်ဆိုပြီး သူတို့ကိုဖမ်းထားတာ” လို့ ပြောပါတယ်။
 
ဖမ်းဆီးထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ထွက်ပြေးနေသူတွေနဲ့ ဆုံးရှုံးသွားတဲ့လက်နက်ခဲယမ်းတွေ ပြန်လည်မရရှိရင် သေဒဏ်ပေးမယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ သူကပြောပါတယ်။
 
လက်နက်၊ခဲယမ်းတွေနဲ့အတူထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၂ ဦးဟာ လက်ရှိအထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းတို့နဲ့အတူ သေနတ် ၃ လက်၊ ကျည်ဆံ ၂၀၀၀၊ လက်ပစ်ဗုံး ၂၀ လုံးကိုပါ သယ်ဆောင်ထွက်ပြေးနေတာလို့ ဆိုပါတယ်။
 
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးထဲက တပ်သား ဖိုးလပြည့်ဆိုသူကို မတ်လ ၂၄ ရက်နေ့မှာပဲ ပဲခူးရိုးမအတွင်းက ရှားတောပြန့်နဲ့ပျဉ်းကတိုးခင်းကျေးရွာအနီးမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး သူ့ကို ခလရ ၁ စစ်ကောင်စီတပ်အရာရှိတွေက သတ်ဖြတ်လိုက်ပြီလို့လည်း တပ်တွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10