အရန်မီးသတ် ၁ ဦး CDM ပြုလုပ် PDF တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်မည်

အရန်မီးသတ် ၁ ဦး CDM ပြုလုပ် PDF တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်မည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ထဲက PDF အဖွဲ့ထံ ခိုလှုံလာတဲ့ အရန်မီးသတ် CDM တဦးက PDF တွေနဲ့အတူ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုအပေါ် ဖိနှိပ်တာတွေ များလာလို့ ပြန်လည်တွန်းလှန်ချင်တဲ့စိတ်ကြောင့် CDM လုပ်လာပြီး စစ်သင်တန်းတက်ရောက်ဖို့ စောင့်​နေတယ်လို့ CDM လုပ်တာတဲ့ အရန်မီးသတ်ဒုတပ်ကြပ်က ​ပြောပါတယ်။

"ကျနော်တို့က လစာမရဘူး။ ဗော်လန်တီယာ လုပ်ရတာ။ ကျနော်တို့ကို သူတို့တွေက လုံခြုံရေးယူတဲ့ အလုပ်တွေမှာ ခိုင်းတယ်။ ကင်းစောင့်ခိုင်းတာတွေ မဲစာရင်းကောက်ရင် လိုက်ခိုင်းတာတွေ လုပ်ခိုင်းတယ်။ အဲလိုတွေ သွားလာရင်း သူတို့တွေက ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ မတရားလုပ်လာတာကို မခံနိုင်လို့ CDM လုပ်တာ။ အရင်ကတည်းက လုပ်ချင်ပေမယ့် အဆက်အသွယ်မရှိလို့ ခုရက်ပိုင်းမှ လုပ်လာရတာပါ။" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ PDF အဖွဲ့တွေက နွေးထွေးစွာကြိုဆိုပြီး အစစအရာရာ အဆင်ပြေအောင် စီစဥ်ပေးထားပြီးဖြစ်လို့ စစ်ကောင်စီကို တော်လှန်တဲ့နေရာမှာ ရရာနေရာကနေ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

အရန်မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် အသက် ၁၉ နှစ်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ဇန်နဝါရီလ စတုတ္ထအပတ်လောက်မှာ ပခုက္ကူအခြေစိုက် People Defence Force Column 1 အဖွဲ့ထံကို CDM လုပ်ပြီး ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။

"လက်ရှိတော့ သူ့ကို အဖွဲ့က စားသလိုနေသလို နေရစားရအောင် စီစဥ်ပေးထားတယ်။ စစ်သင်တန်းတက်ဖို့လည်း ချိတ်ဆက်ပေးထားပြီး ဖြစ်တယ်။ သင်တန်းဆင်းလာပြီးရင်တော့ စစ်ဆင်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ အတူတူလုပ်နိုင်ဖို့ လက်တွဲခေါ်သွားမှာပါ" လို့ People Defence Force Column 1 တာဝန်ခံ ဗိုလ် 7 က ပြောပါတယ်။

People Defence Force Column 1အဖွဲ့မှာ ယခင်ကတည်းက မြန်မာ့လေကြောင်းလိုင်းကနေ CDM လုပ်လာတဲ့ လေယာဥ်ဝန်ထမ်း ၁ ဦးလဲရှိနေပြီး စစ်ကောင်စီကို PDF တွေနဲ့အတူ တော်လှန်နေတယ်လို့ သိရပါတယ်။

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10