အရှေ့အလယ်ပိုင်းဒေသတိုက်ခိုက်မှုကို စိုးရိမ်ကြောင်း စစ်ကောင်စီထုတ်ပြန်

အရှေ့အလယ်ပိုင်းဒေသတိုက်ခိုက်မှုကို စိုးရိမ်ကြောင်း စစ်ကောင်စီထုတ်ပြန်

အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလောဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုအခြေအနေတွေအပေါ်  စိုးရိမ်မကင်းဖြစ်မိတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အနီးကပ်လေ့လာ စောင့်ကြည့်နေပြီး ပဋိပက္ခတွေ ပိုမိုမကြီးထွားလာစေဖို့နဲ့ တင်းမာမှုတွေကို လျှော့ချဖို့ သက်ဆိုင်ရာနှစ်ဖက်အဖွဲ့အစည်းတွေအကြား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့နဲ့ ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ပထမပတ်ကစလို့ ပါလက်စတိုင်း၊ ဟားမတ်အဖွဲ့တွေနဲ့ အစ္စရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာဖြစ်ပြီး တိုက်ခိုက်မှုတွေစတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ အရပ်သားလူထောင်နဲ့ချီ သေဆုံးခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသက အဲဒီတိုက်ခိုက်မှုတွေကို ရည်ညွှန်းပြီး စိုးရိမ်မကင်းဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းအရေးကို စိုးရိမ်မကင်းဖြစ်ရတယ်လို့ စာထုတ်ခဲ့တဲ့ စစ်ကောင်စီကိုယ်တိုင်က အောက်တိုဘာ ၉ ရက် ည ၁၁ နာရီအချိန် ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက စစ်ဘေးရှောင်စခန်းအပေါ် ဖျက်အားပြင်းဗုံးတွေ ကြဲချခဲ့တာကြောင့် ကလေး ၁၃ ဦးနဲ့ အမျိုးသမီးတွေအပါဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့အချိန်ကစပြီး ၂၀၂၃ အောက်တိုဘာ ၁၀ ရက်အထိ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၄၀၀၀ ကျော် (၄၁၄၄ ဦး) သေဆုံးခဲ့တယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီက သတ်ခဲ့တဲ့ ပြည်သူတွေထဲမှာ အတည်ပြုရန်လိုအပ်နေတဲ့ နာမည်စုံစမ်းဆဲ လူဦးရေမှာ ၅၀၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

အလားတူ ဖမ်းဆီးခံထားခဲ့ရသူ စုစုပေါင်း ၂၅,၀၀၀ ကျော် (၂၅၂၇၄ ဦး)ရှိပြီး အဲ့ဒီအထဲက ၂၀,၀၀၀ နီးပါး (၁၉,၆၇၇ ဦး)မှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၇,၅၀၀ ကျော်(၇၆၉၈ ဦး)ကတော့ ထောင်ဒဏ်ချခံထားရတယ်လို့ ဖော်ပြထားပါတယ်။ 

#မြေလတ်အသံ

#သတင်း #စစ်ကောင်စီ #ထုတ်ပြန်ချက် #နိုင်ငံခြားရေး #အရှေ့အလယ်ပိုင်း #ဟားမတ် #အစ္စရေး #တိုက်ပွဲ #ပဋိပက္ခ #အာဏာသိမ်း #အရပ်သား #ဖမ်းဆီး #သတ်ဖြတ် #အကျဉ်းချ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10