အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အပေါ်  GSCB အပါ တော်လှန်ရေးအင်အားစုအချို့ ကန့်ကွက်ရှုတ်ချ

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အပေါ် GSCB အပါ တော်လှန်ရေးအင်အားစုအချို့ ကန့်ကွက်ရှုတ်ချ

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနဲ့  အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ပရတ်ဆွတ်ခွန်ရဲ့  မြန်မာနိုင်ငံကိုလာရောက်မယ့် ခရီးစဉ်အပေါ်  ကန့်ကွက်ရှုတ်ချကြောင်း  အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB က မတ်လ ၂၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ 

မတ်လ ၂၀ ကနေ ၂၃ ရက်အတွင်း အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်မှာ  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံသွားမယ်လို့သိရပြီး၊ ဒီလုပ်ရပ်ဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ အသံကိုအသိအမှတ်မပြုပဲ စစ်ကောင်စီကို အားပေးအားမြောက်ပြုတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ 

ဒါ့အပြင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ၁၀ ဖွဲ့ နဲ့တွေ့ဆုံဖို့ စီစဥ်ထားမှုကိုလည်း စစ်ကောင်စီကဖျက်သိမ်းခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC ၊ အမျိုးသားညီညွတ်ရေးအစိုးရ - NUG တို့ နဲ့ တွေ့ဆုံဖို့နဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို  အလေးထားစောင့်ကြည့်ဖို့ကိုလည်း ဒီခရီးစဥ်မှာ ထည့်သွင်းမထားတာက  ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို မျက်ကွယ်ပြုတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဥ်အပေါ် အခြားသောတော်လှန်ရေးအင်အားစုတွေကလည်း ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုတွေရှိနေပြီး၊  ဒီခရီးစဥ်ဟာ ပြည်သူတွေအပေါ်အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကိုအလေးထားပြီး လာရောက်တာဖြစ်တဲ့အတွက် မတ်လ ၂၁ ရက်ဒီကနေ့မှာ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ကလေးမြို့ပင်မသပိတ်အင်အားစုရဲ့ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“ အဓိက ကန့်ကွက်ရတဲ့အကြောင်းအရင်းက ဒီလောက်မြန်မာပြည်သူတွေကို သတ်ဖြတ်၊ ရွာလုံးကျွတ်တွေမီးရှို့ ပြည်သူတွေတွေ့သမျှသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အသိမှတ်ပြုတဲ့အနေနဲ့ လာတာပေါ့၊ မြန်မာပြည်သူတွေအပေါ်ကိုယ်စားပြုတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ တခုနဲ့မှမတွေ့ပဲနဲ့ စစ်ကောင်စီကို အသိမှတ်ပြုတဲ့အနေနဲ့လာတာကို ကျနော်တို့ ကန့်ကွက်တာပါ၊ “  လို့  သူက ဆိုပါတယ်။ 

စစ်အာဏာရှင်စနစ်ကို အပြီးတိုင် သုတ်သင်ဖယ်ရှားပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆုံးခန်းတိုင် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ၂၀၀၈ဖွဲ့စည်းပုံအောက်ကို ပြန်လည်သွတ်သွင်းပြီး အာဆီယံအပါအဝင် နိုင်ငံတကာရဲ့  မည်သည့်ကြိုးပမ်းမှုကိုမဆို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်လို့လည်း  GSCB က သတင်းထုတ်ပြန်ထားပါတယ်။ 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10