အုတ်ဖိုက ပျူစောထီးခေါင်းဆောင်ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

အုတ်ဖိုက ပျူစောထီးခေါင်းဆောင်ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရာအိမ်မှူးတဦးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း လူသိများသူတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူဟာ အုတ်ဖိုမြို့နယ်၊ ဖလံပင်အုပ်စု၊ ရွာသစ်ရွာ ရာအိမ်မှူး အသက် ၅၀ နှစ် အရွယ် ကိုမြင့်အောင်ဖြစ်ပြီး မေ ၂ ရက် နေ့လယ် ၁ နာရီကျော်က သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူ့အိမ်မှာ တီဗွီကြည့်နေတုန်း သေနတ်နဲ့လေးချက် ပစ်ခတ်ခဲ့တာပါ။ ဦးခေါင်းပွင့်ပြီး ပွဲချင်းပြီး သေတယ်။”လို့ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဒေဝက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလောင်းကို အုတ်ဖိုဆေးရုံ(ရင်ခွဲရုံ)ကို သယ်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ကိုမြင့်အောင်ဟာ စစ်ကောင်စီအလိုကျ ပြည်သူတွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်ကာ လူစုပေးတာ၊ ငွေကြေးကောက်ခံပေးတာ၊ တော်လှန်‌ရေးတပ်ဖွဲ့တွေရဲ့သတင်းကိုယူကာ စစ်ကောင်စီဆီ ပေးပို့တာ၊  PDF စခန်းတည်နေရာကို လိုက်ပြတာတွေနဲ့ ဒေသခံပြည်သူတွေကို အမျိုးမျိူးဖိနှိပ် ဒုက္ခပေးနေတာကြောင့် ခုလိုပစ်ခတ်ခဲ့တာလို့ အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့ရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အုတ်ဖို မြေအောက်ပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း အုတ်ဖိုမြို့နယ်။ ဝင်းသရက်ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ရာအိမ်မှူး #ပျူစောထီး #ပစ်ခတ် #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10