ဦးပိုင်အမြတ်ငွေ ထုတ်မပေးနိုင်သေးလို့ တပ်တွင်းဝေဖန်မှုတွေရှိနေ

ဦးပိုင်အမြတ်ငွေ ထုတ်မပေးနိုင်သေးလို့ တပ်တွင်းဝေဖန်မှုတွေရှိနေ

အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထုတ်ပေးရမယ့် ဦးပိုင်အစုရှယ်ယာ ထည့်ဝင်အမြတ်ငွေတွေကို စစ်ကောင်စီတပ်ဘက်က ထုတ်မပေးနိုင်သေးတာကြောင့် တပ်တွင်းဝေဖန်မှုတွေရှိနေတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီအောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့  ဦးပိုင်အမြတ်ငွေတွေကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ကနေ ၂၀၂၃ ခုနှစ်  ဇွန်လအထိ ၁ နှစ်စာအတွက် ဇွန်လကုန်မှာထုတ်ပေးရမှာဖြစ်ပေမယ့် ဇူလိုင်လတတိယအပတ်ကို ရောက်ရှိတဲ့အထိမရရှိသေးလို့ ဝေဖန်မှုတွေရှိနေတာလို့ ဆိုပါတယ်။

 “ပြီးခဲ့တဲ့လ လဝက်လောက်က လကုန်မှာထုတ်ပေးမယ်ဆိုပြီး လကုန်တော့မရဘူး။ ခုလလည်း မသေချာဘူး။ နောက်လထဲလို့တော့ထပ်ပြောတာဘဲ သိပ်မသေချာဘူး။ ဒီလိုဘဲ ရမယ်ဆိုတော့ မျှော်ရတာပေါ့။ မျှော်ပြီးမရတော့ ပွစိပွစိဖြစ်ကြတာထုံးစံလိုဖြစ်နေပြီ။ ထည့်ခိုင်းတုန်းကတော့ အတိအကျဖြတ်တာ။ ပြန်ထုတ်ပေးရင်သာ ဟိုရွှေ့ ဒီရွှေ့လုပ်တာ” လို့ လုံခြုံရေးအရ တပ်အမည်မဖော်လိုတဲ့ မကွေးမြို့အခြေစိုက်တပ်ရင်းတခုရဲ့ တပ်မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

 စစ်ကောင်စီတပ်ဘက် ဦးပိုင်အမြတ်ငွေ ပြန်လည်ထုတ်ပေးနိုင်မှုအခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးနောက် ယခင်ထက်နောက်ကျလာတာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း နောက်ဆုံးရရှိတဲ့ အမြတ်ငွေထုတ်ပေးမှုမှာလည်း သတ်မှတ်ကာလထက် ၄ လကျော် နောက်ကျပြီးမှ ထုတ်ပေးနိုင်ခဲ့တာလို့ သူကဆိုပါတယ်။  

စစ်အာဏာသိမ်းပြီးနောက် ဦးပိုင်ကုမ္ပဏီလုပ်ငန်းစုအပါအဝင် စစ်တပ်ပိုင်လုပ်ငန်းထုတ်ကုန်တွေကို ဆန်ကျင်ကြဖို့နဲ့မသုံးစွဲကြဖို့ ပြည်သူတွေက boycott လုပ်ထားကြပြီး၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် အကြပ်အတည်းတွေဖြစ်နေကာ အခုလိုမျိုုး သတ်မှတ်ကာလတွေမှာ ပြန်လည်မထုတ်ပေးနိုင်တာမျိုးတွေ ဖြစ်ပေါ်နေတာလို့ CDM တပ်မတော်သားအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဦးပိုင်အမြတ်ငွေထုတ်ပေးတော့မှာ ဖြစ်ကြောင်းကိုသာ စစ်တပ်ထောက်ခံသူတွေသိရှိနိုင်ရေး ရေးသားဖော်ပြနေပြီး မည်သည့်ရက်မှာထုတ် ပေးမယ်ဆိုတာကို ဖော်ပြနိုင်တာမျိုး မတွေ့ရပါဘူး။

စစ်ကောင်စီတပ်ဟာ ၎င်းတို့အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းကို အခြားအဆင့်စစ်သည် ကျပ် ၁၅ သိန်း၊ ဒုဗိုလ်မှ ဗိုလ်ကြီးအထိ ကျပ်သိန်း ၃၀၊ ဗိုလ်မှူးနဲ့အထက်ကို ကျပ်သိန်း ၅၀ ဦးပိုင်အစု ရှယ်ယာထည့်ဝင်ဖို့ သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ငွေပမာဏပြည့်မီတဲ့အထိ မဖြစ်မနေထည့်ဝင်ရကာ အောက်ခြေစစ်သားအများစုကတော့ လစာကနေ ဖြတ်တောက်ခံရပြီး ထည့်ဝင်ရတယ်လို့ တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပုံစာ - စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်အကြံပေး ခန့်အပ်ထားသည့် 
MEC ဥက္ကဌ၊ ဦးပိုင်ထိပ်ပိုင်းတာဝန်ရှိသူ ဒု-ဗိုလ်ချုပ်ကြီး ညိုစော။

သတင်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကောင်စီတပ် #ဦးပိုင် #အမြတ်ငွေ #တပ်တွင်းဝေဖန် #boycott #စစ်တပ်ထုတ်ကုန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10