We are soldiers သီချင်းသီဆိုခဲ့သူ ဗိုလ်မှူး နိုင်နိုင်ထွန်း စစ်တိုက်ဖို့ငြင်းဆန်လို့ ဖမ်းခံထားရ

We are soldiers ဆိုတဲ့  စစ်တပ်ဝါဒဖြန့်သီချင်းကို သီဆိုခဲ့တဲ့ ဒု-တပ်ရင်းမှူး ဗိုလ်မှူးနိုင်နိုင်ထွန်းဟာ စစ်တိုက်ဖို့ငြင်းဆန်မှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သီချင်းရဲ့အစမှာ "ငါတို့ကစစ်သား" ဆိုတာနဲ့ အစချီကာ တပ်မတော်အပေါ် သစ္စာရှိဖို့ အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ဖို့ ထည့်သွင်းစပ်ဆိုထားပေမယ့် စစ်ခေါင်းဆောင်တွေရဲ့ မမျှတတဲ့ ချီတက်မှုအမိန့်တွေအတိုင်း သူကိုယ်တိုင် လုပ်ဆောင်ရချိန်မှာတော့  စစ်တိုက်ဖို့ငြင်းဆန်ခဲ့လို့ ဖမ်းခံထားရတာပါ။

ဗိုလ်မှူးနိုင်နိုင်ထွန်းဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁)ရဲ့ လက်အောက်ခံအမှတ်၄၇ ခြေလျင်တပ်ရင်း(ခလရ ၄၇)က ဖြစ်ပါတယ်။

သူတာဝန်ထမ်းဆောင်နေတဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာအနီး ရှေ့တန်းစစ်စခန်းကုန်းမှာ တိုက်ခိုက်ရေး သွားရောက်နေရာကနေ ဧပြီလ ၂၀ ရက်က ဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

“ စကခ ၂၁ အောက် ဗန်းမော်ဂွင်ထဲမှာဘဲဖြစ်တာ။ သူ့စစ်ကြောင်းက အင်အားမမျှလို့ မတိုက်ဘူးပြောတာ။ ရှေ့ ဆက်မတိုးလို့ဆိုပြီးတော့ စစ်ဆင်ရေးရှောင်လွှဲမှုနဲ့ အခု မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်  ) ထဲမှာ အစစ်ခံနေရတယ်” လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ တပ်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် ၄၇ ဆင်း ဗိုလ်မှူး နိုင်နိုင်ထွန်းဟာ ၂၀၂၂ နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် အမှတ် ၃၄၄ ခြေမြန်တပ်ရင်းကနေ ဗန်းမော်၊ စကခ ၂၁ ကို စစ်ဦးစီးမှူး (ဒုတိယတန်း) (G-2) အဖြစ် ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ၂၀၂၂ ခုနှစ်တပ်မတော်နေ့အတွက် “We are soldiers’’ သီချင်းကို သီဆိုခဲ့ပြီးတဲ့နောက် ဗန်းမော် ခလရ ၄၇ တပ်ရင်းမှာ ဒုတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ရကာ မန်ဝိန်းကြီးဒေသ စခန်းကုန်းမှာ ခလရ ၄၇ စစ်ကြောင်း ၂ရဲ့ စစ်ကြောင်းမှူးအဖြစ် စစ်ဆင်ရေးဝင်ရောက် နေရာကနေ အခုလို ဖမ်းဆီးထိန်းသိမ်းခံရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မှာ ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးအဆင့်တွေ စစ်တိုက်ရန်ငြင်းဆန်မှု၊ စစ်ဆင်ရေးရှောင်လွှဲမှုတွေနဲ့  ဖမ်းဆီးအရေးယူခံရမှုဖြစ်စဉ်တွေဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး ပိုမိုများပြားလာတာပါ။

အခုနှစ်ဇွန်လဆန်းပိုင်းမှာပဲ စစ်ကိုင်းတိုင်းအတွင်း ထိုးစစ်ဆင်နေတဲ့ မကွေးအခြေစိုက် ခမရ ၃၀၁ ယာယီတပ်ရင်းမှူး DSA ၄၆ ဆင်း ဗိုလ်မှူး ဇေယျာထွန်းလည်း စစ်ရေးအမိန့်ငြင်းဆန်ခဲ့လို့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ CDM တပ်မတော်သားတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

#ဗန်းမော် #ခလရ ၄၇  #ဒုတပ်ရင်းမှူး #ဗိုလ်မှူး နိုင်နိုင်ထွန်း #ဖမ်းဆီးစစ်ဆေးခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10