စစ်ကိုင်းနဲ့မန္တလေးတိုင်းမှာ ဇူလိုင်လအတွင်း တရားမဝင်သစ် ၅၇၅ တန် ဖမ်းမိခဲ့ကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းနဲ့မန္တလေးတိုင်းမှာ ဇူလိုင်လအတွင်း တရားမဝင်သစ် ၅၇၅ တန် ဖမ်းမိခဲ့ကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ ဇူလိုင်လအတွင်း ကျွန်းသစ်တန်ချိန် ၃၀ အပါအဝင် တရားမဝင်သစ် စုစုပေါင်း ၅၇၅ တန် ဖမ်းဆီးမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက သတင်းထုတ်ပြန်ပါတယ်။ 

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်တို့မှာ ၄၇၉ တန်နဲ့အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်မှာ ၉၆ တန် ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိသစ်အမျိုးအစားတွေမှာ ကျွန်း၊ သစ်မာနဲ့ သစ်ပါးလွှာတွေ ပါဝင်တယ်လို့  သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ လစဉ်ထုတ် သတင်းလွှာမှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

တရားမဝင်သစ်တွေနဲ့အတူ တရားခံ ၆ ဦး၊ ကား ၇ စီးကိုပါ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာ ပအဖ၊ ပကဖနဲ့ မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှု အဖွဲ့တို့က အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်မှာ တရားမဝင်သစ်ခိုးထုတ်မှုတွေကို တားမြစ်ဖို့ ပဲခူးရိုးမအပေါ် ကုန်တင်ယာဉ်တက်ရောက်ခွင့်ကို ဩဂုတ် ၆ ရက်ကစပြီး သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က ပိတ်ပင်ထားပါတယ်။  

သစ်မှောင်ခိုသမားတွေဟာ စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ သစ်တောဌာနတွေကို လစဉ်ဆက်ကြေးပေးဆောင်ပြီး တရားမဝင်သစ်ထုတ်နေကြတာဖြစ်တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

"ဒီကုန်ကားတွေ မီးသွေး၊ သစ်မှောင်ခိုကားတွေပေါ့။ ဒီနယ်ရဲ့ စကစ ဝင်ငွေလမ်းကြောင်းက ဒါတွေအဓိကဖြစ်နေတာ" လို့ သူက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းဒေသအချို့မှာလည်း စက်ယန္တယားတွေအသုံးပြုကာ သစ်ခိုးထုတ်မှုများကြောင့် သစ်တောပြုန်းတီးမှု ပိုများလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ  ပတ်ဝန်းကျင်ထိခိုက်မှုကို သေသေချာချာ ဆန်းစစ်ခြင်းမရှိဘဲ သစ်ထုတ်လုပ်ရေး လုပ်ငန်းလိုင်စင်တွေ ချပေးတာ၊ သက်တမ်းတိုးပေးတာတွေကို လုပ်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပုံစာ -  NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတင်းလွှာပါ ဇူလိုင်လအတွင်း ဖမ်းမိခဲ့သည့် တရားမဝင်သစ်ကားတစီး။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်း #မန္တလေး #ဇူလိုင်လ #တရားမဝင်သစ် #NUG #ထုတ်ပြန်ချက် #သယံဇာတ #သဘာဝပတ်ဝန်းကျင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10