တနှစ်ခွဲအတွင်း တရားမဝင်သစ် တန်ချိန်စုစုပေါင်း ၂၃၀၀ ကျော် အန်ယူဂျီဖမ်းမိ

တနှစ်ခွဲအတွင်း တရားမဝင်သစ် တန်ချိန်စုစုပေါင်း ၂၃၀၀ ကျော် အန်ယူဂျီဖမ်းမိ

 

အမျိုးသားညီညွှတ်ရေးအစိုးရက ၂၀၂၂ မတ်ကနေ ၂၀၂၃ အောက်တိုဘာအထိ တရားမဝင်သစ် တန်ချိန် ၂,၃၆၅ ဖမ်းမိထားတယ်လို့ အန်ယူဂျီရဲ့သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဖမ်းမိထားတဲ့သစ်တွေအနက် သစ်တန်ချိန် ၁,၁၂၄ ဟာ ကျွန်းသစ်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီသစ်တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်နဲ့ ကောလင်းခရိုင်တို့မှာ အများဆုံး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ 

ဖမ်းဆီးရမိတဲ့ သစ်တချို့ကို လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်အသုံးချပြီး သစ်တွေနဲ့အတူ ဖမ်းမိသူတွေကိုတော့ ဒဏ်ရိုက်အရေးယူတယ်လို့  အန်ယူဂျီက ဆိုပါတယ်။

“တရားမဝင်သစ် ဖမ်းမိရင် အရေးပေါ် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပါတယ်။ SOP (သဘာဝပတ် ဝန်းကျင်ဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်)ထဲပါတဲ့ နှုန်းထားနဲ့ ဒဏ်‌ရိုက် အရေးယူတဲ့ စနစ်နဲ့ပါ။ တချို့သော ဖမ်းဆီးရမိသစ်တွေကို ညွှန်ကြားချက်များအတိုင်း လူသားစာနာကိစ္စ၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးတွေမှာ အသုံးပြုလျက်ရှိပါတယ်။” လို့ အန်ယူဂျီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က မြေလတ်အသံကို ပြောပါတယ်။ 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က ဒေသခံတဦးက စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း  ပွင့်လင်းရာသီဆိုရင် သူတို့ဒေသမှာ တနေ့ကို သစ်ကား အစီး ၂၀ နဲ့ ၅၀ ကြား တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အန်ယူဂျီရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သစ်ထုတ်ခွင့်ကို ပိတ်ပင်ထားပြီး စစ်ကောင်စီက ပတ်ဝန်းကျင်ထိခိုက်မှုကို သေသေချာချာ ဆန်းစစ်ခြင်းမရှိဘဲ သစ်ထုတ်လုပ်ရေး လုပ်ငန်းလိုင်စင်တွေချပေးတာ၊ သက်တမ်းတိုးပေးတာတွေကို လုပ်နေတယ်လို့ အန်ယူဂျီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

ပုံစာ - အန်ယူဂျီက ဖမ်းမိထားတဲ့ တရားမဝင်သစ်များ။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အမျိုးသားညီညွှတ်ရေးအစိုးရ #ကျွန်းသစ် #သစ်တော #သယံဇာတ #ကသာ #ကန့်ဘလူ #ရွှေဘို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10