ထိန်းသိမ်းရေးဇုန်ထဲက အစွန့်ပစ်ခံ ဧရာဝတီလင်းပိုင် (ဆောင်းပါး)

ထိန်းသိမ်းရေးဇုန်ထဲက အစွန့်ပစ်ခံ ဧရာဝတီလင်းပိုင် (ဆောင်းပါး)

နေ့လယ်ခင်းရောက်ပြီဆိုတာနဲ့ ဦးအောင်ဆန်း*(အသက် ၅၀ ကျော်)ဟာ ထမင်းချိုင့်ဆွဲပြီး ငါးဖမ်းထွက်ဖို့ ရွာရဲ့အနောက်ဘက် ဧရာဝတီမြစ်ကမ်းဆီကို ထွက်လာပါတယ်။ 

ပြီးတော့ သူဟာမြစ်ထဲမှာ လှေနဲ့လှည့်လည်ရင်း လှေနံကို တဒေါက်ဒေါက် မြည်အောင် ခေါက်လိုက်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ လင်းပိုင်တကောင်က သူ့လှေနားကို ဝေ့လည်ဝေ့လည်နဲ့ ရောက်လာပါတယ်။ 

အဲဒီလင်းပိုင်ကို သူက မျက်ခြည်မပြတ်လိုက်ကြည့်နေစဉ် လင်းပိုင်က အမြီးထောင်လာရာ သူက ကွန်ပစ်ဖို့ အသင့်အနေအထား ပြင်ထားပါတယ်။ 

လင်းပိုင်က သူ့အမြီးနဲ့ရေပြင်ကို ဗြန်းခနဲရိုက်ချလိုက်ပြီဆိုတာနဲ့ ဂယက်ထသွားတဲ့ ရေပြင်နေရာကို သူလည်း အချိန်ကိုက် ကွန်လှမ်းပစ်လိုက်ပါတယ်။  

ကွန်ကို တဖြည်းဖြည်းချင်းပြန်ဆွဲတဲ့အခါ ငါးတွေအလျှံအပယ်ပါလာတာကို ကြည့်ရင်း သူကျေနပ်နေမိပါတယ်။ 

“ငါးက မပါဘူးဆိုတာ မရှိဘူး။ အနည်းနဲ့ အများပဲ။ ပိသာဆိုတာ ပျင်းတောင်ပျင်းသေးတယ်။ တကောင်တည်းကို ၄၊ ၅၊ ၈ ပိသာ။” လို့ သူက ပြောပါတယ်။

ဒီလိုနဲ့ပဲ ဦးအောင်ဆန်းဟာ မြစ်ကြောင်းတလျှောက် လင်းပိုင်ခေါ်လိုက်၊ ကွန်ပစ်လိုက်နဲ့ နေဝင်ခါနီးအထိ ငါးဖမ်းပြီးနောက် ငါးတွေတပွေ့တပိုက်နဲ့ ကမ်းပေါ်ပြန်တက်လာလို့ ငါးရောင်းလိုက်ရင် ငွေကျပ်တသောင်း နီးပါးရတယ်လို့ သူက ဆိုပါတယ်။ 

Photo - WCS Myanmar
Photo - WCS Myanmar

ဒါဟာ ၂၀၂၁ အာဏာမသိမ်းခင်အထိ ငါးဖမ်းရတဲ့အခြေအနေကို သူက အားပါးတရ ပြောပြနေတာသာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဦးအောင်ဆန်း ငါးရှာဖို့ မြစ်ထဲဆင်းသွားတိုင်း လင်းပိုင်တွေကိုခေါ်ပေမဲ့ အရင်ကလို အလွယ်တကူ ခေါ်မရတော့သလို ငါးအရလည်းနည်းလာပြီး မိသားစုရဲ့ စားဝတ်နေရေးလည်း ကျပ်တည်းတဲ့အထိ ဖြစ်လာပြီလို့ သူက ဆိုပါတယ်။

သူဟာ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဇုန်ထဲမှာရှိတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နေထိုင်တာဖြစ်ပြီး မန္တလေးတိုင်းကနေစလို့ အထက်ဘက် ကသာမြို့နယ်အထိ မိုင် ၂၀၀ ကျော် ရှည်တဲ့ ဧရာဝတီမြစ် ဝဲယာတလျှောက်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာ ခုဆို ၃ နှစ်နီးပါးရှိနေပါပြီ။ 

ဒီ ၃ နှစ်တာအတွင်း ဧရာဝတီလင်းပိုင်တွေ ကျက်စားတဲ့နေရာတွေမှာ လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာတွေ၊ ရေထဲကို လက်နက်ကြီးကျတာတွေရှိနေပြီး လင်းပိုင်အသေတွေကို တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့တွေ့နဲ့ ငါးလုပ်ငန်းဦးစီးဌာနက ၂၀၂၀ မှာ နောက်ဆုံးစာရင်း ကောက်ခံမှုအရ လင်းပိုင်အကောင်ရေ ၇၉ ကောင်ရှိခဲ့ပါတယ်။ 

စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း ဒေသခံရေလုပ်သားတွေ၊ မြစ်ထဲမော်တော်မောင်းသူတွေ၊ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောပြချက်နဲ့ လူမှုကွန်ရက်ဓာတ်ပုံတွေအရ အနည်းဆုံးဧရာဝတီလင်းပိုင် ၆ ကောင်ခန့်သေဆုံးထားတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မော်တော်မောင်းနေသူ ဦးထိန်လင်း*က ၂၀၂၃ နှစ်လယ်ပိုင်းမှာ မန္တလေးနဲ့ ကသာကြား သေနေတဲ့ လင်းပိုင် ၄ ကောင်ကို  သူတွေ့ခဲ့ရပြီး ၃ ကောင်က အမဖြစ်တယ်လို့ ဆိုပါတယ်။

“အကောင်လတ်တွေ ၇ နှစ်သား ၈ နှစ်သားတွေ။ တချို့က ကျောမှာ ဒဏ်ရာတွေနဲ့ ပုပ်ပွနံနေတယ်။ တချို့က လျှပ်စစ်ပိုက်တွေ ငြိလာကြတာ။” လို့ သူက ပြောပါတယ်။ 

ဒီလင်းပိုင်းတွေဟာ ဘယ်လိုကြောင့် သေတယ်ဆိုတာကို လက်ရှိအခြေအနေအရ သေချာမဆန်းစစ်နိုင်ပေမယ့် မြစ်ကြောင်းတလျှောက် ရှော့တိုက်ငါးဖမ်းတာ၊ သေနတ်နဲ့ လက်နက်ကြီးထိတာတွေကြောင့် သေဆုံးကြတာ ဖြစ်နိုင်တယ်လို့ လင်းပိုင်လေ့လာစောင့်ကြည့်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။ 

မြေလတ်အသံကရရှိထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၃ မတ် ၅ ရက်မှာ မတ္တရာမြို့နယ်၊ သုံးဆယ်ပေကျေးရွာအနီးမှာ ရုပ်ဆင်းပျက်ပြီး သေနေတဲ့ လင်းပိုင် ၁ ကောင်၊ ၂၀၂၃ ဩဂုတ်လက ညောင်ဦးမြို့နယ်၊ ပျော်ဘွယ်ရွာနားမှာ ၁ ကောင်၊ ၂၀၂၄ ဇန်နဝါရီ ၁၂ ရက် ကသာမြို့နယ်မှာ ၁ ကောင် တွေ့ထားပါတယ်။ ကသာမြို့နယ်မှာတွေ့တဲ့ လင်းပိုင်ရဲ့ကျောနဲ့ ခေါင်းပိုင်းတွေမှာဆိုရင် ထိုးနှက်ခံထားရတဲ့ ဒဏ်ရာတွေကိုပါ တွေ့ရပါတယ်။ 

၂၀၂၄ ဇန်နဝါရီက ကသာမှာတွေ့ရသည့် သေဆုံးနေသော ဧရာဝတီလင်းပိုင်
၂၀၂၄ ဇန်နဝါရီက ကသာတွင်တွေ့ရသည့် သေဆုံးနေသော ဧရာဝတီလင်းပိုင်

 

ဒေသအကျိုးပြု ကမ္ဘာကျော်လင်းပိုင်  

နို့တိုက်ရေနေသတ္တဝါ ဧရာဝတီလင်းပိုင်ဟာ မြန်မာနိုင်ငံတနိုင်ငံတည်းမှာ ရှိတာမဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဧရာဝတီလင်းပိုင်လို့ အမည်တွင်ရတာဟာ ဧရာဝတီမြစ်ထဲမှာ စတင်တွေ့ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။  

ဧရာဝတီမြစ်ထဲမှာ တွေ့ရတဲ့ လင်းပိုင်တွေဟာ တခြားနိုင်ငံမှာရှိတဲ့ လင်းပိုင်တွေနဲ့မတူဘဲ လူနဲ့အတူယှဉ်တွဲ ငါးဖမ်းတတ်တဲ့ အလေ့အထရှိတာကြောင့် စိတ်ဝင်စားမှုအခံရဆုံးဖြစ်ပါတယ်။ 

မြစ်ကြောင်းနဲ့ လင်းပိုင်ကို အဓိကထား လေ့လာနေတဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ဦးတေဇ*က “ကျနော်တို့ဆီမှာ ရှိတဲ့ လင်းပိုင်တွေက လူနဲ့ အရမ်းထိစပ်တယ်။ ဟိုးအစဉ်အဆက်ကတည်းက ထိစပ်တဲ့ အနေအထား။ ဒါကိုပဲ ကျနော်တို့က ဒြပ်မဲ့ ယဉ်ကျေးမှုလို့ သုံးတာပေါ့။ ရေလုပ်သားကလည်း အစဉ်အဆက် သားသမီးကို သင်ခဲ့တယ်။ လင်းပိုင်ကလည်း သူတို့ဘာသာ သူတို့ မျိုးဆက်အလိုက်သင်ခဲ့တယ်။ ဒီနှစ်ခုက လာပြီးတွယ်စပ်မှုဖြစ်နေတယ်။” လို့ ရှင်းပြပါတယ်။ 

ယူနက်စကိုက သတ်မှတ်တဲ့ မြန်မာနိုင်ငံရဲ့ အံ့ဖွယ် သဘာဝနေရာ ၇ ခုမှာ ဧရာဝတီမြစ်ကို ထည့်သွင်းထားတာဟာလည်း ဒီဧရာဝတီလင်းပိုင်တွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ဒီလို ဧရာဝတီလင်းပိုင်နဲ့ လက်ပစ်ကွန်ရေလုပ်သား ပူးပေါင်းငါးဖမ်းတဲ့ဓလေ့ကို ကမ္ဘာ့သဘာဝအမွေအနှစ် ပဏာမစာရင်းဝင်အဖြစ် ၂၀၁၄ မှာ UNESCO အဖွဲ့က မှတ်တမ်းတင်ထားခဲ့ပါတယ်။ 

ဧရာဝတီလင်းပိုင်ရဲ့ သက်တမ်းဟာ ပျမ်းမျှ နှစ် ၃၀ ခန့်ရှိပြီး မျိုးပွားနှုန်းက ၁ နှစ်ကို ၁ သား ပေါက်လေ့ရှိပါတယ်။ လင်းပိုင်မိခင်က လင်းပိုင်ပေါက်ကို ၁၈ လအထိ နို့တိုက်ပြီး ၃ နှစ်ကြာ စောင့်ရှောက်လေ့ရှိကာ အစာအဖြစ် ငါးနဲ့ ပုစွန်တို့ကို စားလေ့ရှိတယ်လို့ လင်းပိုင်အကြောင်းပြုစုထားတဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ 

၂၀၁၉ ခုနှစ်က ထိန်းသိမ်းရေးဇုန်ထဲတွင် တွေ့ရသည့် ဧရာဝတီလင်းပိုင်များ
၂၀၁၉ ခုနှစ်က ထိန်းသိမ်းရေးဇုန်ထဲတွင် တွေ့ရသည့် ဧရာဝတီလင်းပိုင်များ

လူနဲ့အတူ ယှဉ်တွဲငါးဖမ်းပေးနိုင်တဲ့ ဧရာဝတီလင်းပိုင်တွေဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး Endangered Species လို့ သတ်မှတ်ခံထားရတာကြောင့် သားငှက်ထိန်းသိမ်းရေး - WCS နဲ့ တောရိုင်းတရိစ္ဆာန်ထိန်းသိမ်းရေးရန်ပုံငွေ - WWF တို့လိုအဖွဲ့တွေက ဒေသခံရေလုပ်သားတွေ၊ ငါးလုပ်ငန်းဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး လင်းပိုင်ထိန်းသိမ်းရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြပါတယ်။ 

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နယ်ကနေ အထက်ဘက် စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်အထိ မိုင် ၄၀ ကျော်ရှိတဲ့ ရေကြောင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး နယ်မြေ - ၁ (Ayeyarwady Dolphin Protected Area)အဖြစ် ၂၀၁၅ မှာ သတ်မှတ်ခဲ့ပါတယ်။  

အဲဒီနောက် ၂၀၁၈ မှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကနေ ကချင်ပြည်နယ်၊ ရွှေကူမြို့အထိ ၇၃  မိုင်ရှိတဲ့ ရေကြောင်းကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးဧရိယာ -၂ အဖြစ် ထပ်မံသတ်မှတ်ခဲ့ပါတယ်။ 

ဒီဇုန်တွေအတွင်းမှာ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ရေကြောင်းရဲတို့က လှည့်လည်သွားလာပြီး လျှပ်စစ်ရှော့တိုက်ငါးဖမ်းသူတွေကို ရှာဖွေအရေးယူခဲ့ကြပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်က မန္တလေးကနေစလို့ အထက်ဘက် ကသာအထိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဇုန်ထဲမှာရှိတဲ့ ရွာတွေဟာ လင်းပိုင်ကို အကြောင်းပြုပြီး တွင်ကျယ်လာတဲ့ ခရီးသွားလုပ်ငန်းကြောင့် အတော်လေး ဖွံ့ဖြိုးစည်ပင်ခဲ့ပါတယ်။  

အဲဒီကာလတွေတုန်းက ဒီဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေကို လာရောက်ကြည့်ရှုကြတဲ့ နိုင်ငံခြားသား ခရီးသွားဟာ နှစ်စဉ် ၁,၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လူငယ်လူရွယ်တွေ၊ လင်းပိုင်နဲ့အတူ ငါးဖမ်းပြတဲ့ တံငါတွေ၊ ဒေသထွက်ကုန် လုပ်ရောင်းသူတွေဟာလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိခဲ့ကြပါတယ်။

၂၀၂၁ စစ်အာဏာမသိမ်းခင်က လင်းပိုင်ကြည့်ခရီးသွားများနှင့် အင်ဒေါင်းရွာမှ ဘန်ဂလိုများ
၂၀၂၁ စစ်အာဏာမသိမ်းခင်က လင်းပိုင်ကြည့်ခရီးသွားများနှင့် အင်ဒေါင်းရွာမှ ဘန်ဂလိုများ

ဧရာဝတီမြစ်ကြောင်းတလျှောက် လင်းပိုင်ကြည့်ခရီးစဉ်တွေမှာ ပြေးဆွဲပေးခဲ့တဲ့ မော်တော်ပိုင်ရှင် ဦးထိန်လင်းက “တရက်ကို ၂ ခေါက် ၃ ခေါက်လိုက်ရတယ်။ တနေ့ကို ဆီဖိုး ဘာညာနှုတ်ပြီး ၂ သောင်း ၃ သောင်း ကျန်တယ်။ တလကို ၅ သိန်းလောက် ကျန်တယ်။” လို့ ပြောပါတယ်။ 

ကိုဗစ်ကပ်ရောဂါကာလတွေမှာ ခရီးသွားလုပ်ငန်းတွေ ရပ်တန့်သွားခဲ့တာတောင် လင်းပိုင်တွေဟာ ပစ်ထားမခံရဘဲ ထိန်းသိမ်းစောင့်ရှောက်ခံခဲ့ရပါသေးတယ်။  

ခရီးသွားလုပ်ငန်းနဲ့အတူ လင်းပိုင်ထိန်းသိမ်းရေးလုပ်တဲ့ ကုမ္ပဏီတခုရဲ့ မန်နေဂျာဖြစ်သူ ကိုလရောင်*က ကိုဗစ်ကာလမှာ သူတို့ကုမ္ပဏီဟာ ခရီးသွားလုပ်ငန်းမလုပ်နိုင်တော့ပေမယ့် လင်းပိုင်ထိန်းသိမ်းရေးကိုတော့ ရတဲ့နည်းနဲ့ ကြိုးစားလုပ်ကိုင်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုဗစ်တုန်းက (ခရီးသွားလာခွင့်) ထောက်ခံစာတွေနဲ့ သွားခဲ့တယ်။ များသောအားဖြင့် ရှိမ်းမကား၊ ဝက်လက် မြို့နယ်တွေအထိ သွားနိုင်ခဲ့တယ်။” လို့ သူကပြောပါတယ်။  

ဒါပေမဲ့ ဆယ်စုနှစ်တခုစာလောက် ပြည်တွင်းပြည်ပလူတွေကြား စိတ်ဝင်စားမှုအခံရဆုံး ဧရာဝတီလင်းပိုင်တွေဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒီ ၃ နှစ်အတွင်းမှာ အစွန့်ပစ်ခံအနေအထားကို ရောက်သွားရပါတယ်။ 

 

အစွန့်ပစ်ခံ လင်းပိုင်

အာဏာသိမ်းစနှစ် ၂၀၂၁ ထဲမှာ လေ့လာစောင့်ကြည့်သူတွေက လင်းပိုင်ထိန်းသိမ်ရေးဇုန်ကို အရဲစွန့်သွားခဲ့ကြရာကနေ နောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီး လုံးဝကို သွားလို့မရတော့ဘူးလို့ ဆိုပါတယ်။ 

အာဏာသိမ်းပြီး ၂၀၂၁ စက်တင်ဘာ၊ အောက်တိုဘာအထိ ဧရာဝတီမြစ်ကမ်းဘေးတလျှောက်က ကျေးရွာတွေကို ကွင်းဆင်းလို့ရခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ကုန်းကြောင်းကရော၊ ရေကြောင်းကရော မလုံခြုံတော့လို့ “မြေပြင်ကို ကွင်းမဆင်းနိုင်တော့ဘူး။” လို့ ကိုလရောင်က ပြောပါတယ်။ 

ကိုယ်တိုင်မြေပြင် မဆင်းနိုင်တော့တဲ့ လင်းပိုင်စောင့်ကြည့်သူတွေဟာ ဒေသခံရေလုပ်သားတွေကိုသာ ဆက်သွယ်ပြီး လင်းပိုင်တွေရဲ့ အခြေအနေကို ရသလောက် မှတ်တမ်းတင်နေကြရပါတယ်။ ဒါပေမဲ့လည်း အခြေအနေကို တိတိကျကျသိရဖို့ဆိုတာ မြေပြင်အနေအထားအရ မလွယ်ကူနိုင်ပါဘူးလို့ ကိုလရောင်က ရှင်းပြပါတယ်။

ဒီဒေသတွေ‌ဟာ လတ်တလောမှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိရာ ဒေသခံတွေလည်း ပြေးလွှားနေရပြီး ရွာနားတောင် ပြန်မကပ်နိုင် ဖြစ်နေကြပါတယ်။ 

ဧရာဝတီမြစ်ဝဲယာက မြို့ရွာတွေဖြစ်တဲ့ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာ၊ ရှိမ်းမကားကျေးရွာ၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာအုပ်စု၊ မြစ်ကမ်းကြီးကျေးရွာ၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာ၊ ယက္ကန်းကျေးရွာ၊ မိုးကြိုးကျေးရွာ၊ ရွာတန်းရှည် စတဲ့ဒေသတွေဟာ အာဏာသိမ်းပြီးကတည်းက စစ်ကြောင်းထိုးခံရတာ၊ ရွာလုံးကျွတ်မီးရှို့ခံရတာနဲ့ လက်နက်ကြီးဒဏ်တွေကို နှစ်ချီခံစားနေရတာပါ။

ဧရာဝတီမြစ်ကမ်းဘေး ထီးချိုင့်မြို့နယ်နှင့် ဟင်္သာမကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ
ဧရာဝတီမြစ်ကမ်းဘေး  မီးရှို့ခံထားရတဲ့ ထီးချိုင့်မြို့နယ်နှင့် ဟင်္သာမကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများ

တံငါသည် ဦးအောင်ဆန်းဟာဆိုရင်လည်း ပြီးခဲ့တဲ့နှစ်ကတည်းက အဝတ်တထည် ကိုယ်တခုနဲ့ မြစ်တဖက်ကမ်းကူးပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အထိ ပြေးခဲ့ရာကနေ သူ့ရွာစိန်ပန်းကုံးကို ပြန်ရောက်တာ ခုဆို လပိုင်းပဲရှိပါသေးတယ်။ 

ရွာပြန်ရောက်ပြီဆိုပေမယ့်လည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးဒဏ်နဲ့ လေယာဉ်ကို ကြောက်လို့ ရွာထဲမှာမနေနိုင်ဘဲ ချောင်းတဖက်ကမ်းက သဲသောင်ခုံတခုပေါ်မှာ နေနေရတယ်လို့ သူက ဆိုပါတယ်။ 

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ သူ့ရွာစိန်ပန်းကုံးဟာ ရွာလုံးကျွတ်နီးပါးမီးရှို့ခံလိုက်ရပြီး အိမ်ခြေ ၂၀ လောက်ပဲ ကျန်ပါတော့တယ်။ 

သူတို့ရွာရဲ့ အရှေ့ဘက်အခြမ်းမှာ အာဏာသိမ်းစစ်တပ်က တပ်စွဲထားပြီး အနောက်ဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အခါ ကျည်တွေဟာ ဧရာဝတီမြစ်ထဲကျတာ အကြိမ်ပေါင်းများစွာရှိနေပြီလို့ သူကဆိုပါတယ်။ 

လင်းပိုင်လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောကြားချက်အရ လင်းပိုင်တွေဟာ လက်နက်ကြီးကျည်မထိပေမဲ့ သူတို့ရဲ့အနားမှာ ပြင်းထန်တဲ့ပေါက်ကွဲသံကြားရရုံနဲ့ နားစည်ကွဲပြီး သေတတ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က ဧရာဝတီမြစ်ကမ်းနားက ကျေးရွာတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အခါ ဒေသခံတွေဟာ ကြောက်လန့်တကြားနဲ့ စက်လှေမောင်းပြီး မြစ်ကို အလောတကြီး ဖြတ်ပြေးကြတဲ့အခါ လင်းပိုင်တွေကို စက်လှေပန်ကာနဲ့ ခုတ်မိတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“အရင်တုန်းက လင်းပိုင် စောင့်ကြည့်တဲ့ ဒေသခံတွေတောင် ခုကကိုယ့်အသက်ကိုကိုယ် ဖက်နဲ့ ထုပ်ထားရတဲ့ အခြေအနေဖြစ်နေတာ။” လို့ မော်တော်မောင်းသူ ဦးထိန်လင်း ကရှင်းပြပါတယ်။ 

ဧရာဝတီမြစ်ထဲမှာ လင်းပိုင်အသေတွေကို တွေ့ရပေမဲ့ဲ့ဒေသခံတွေ ကိုယ်တိုင် ကိုယ့်အသက်ကိုယ်လုပြေးနေရချိန်မှာ လင်းပိုင်တွေ ဘယ်လို သေရတယ်ဆိုတာကို ဂရုတစိုက်လေ့လာ အတည်ပြုနိုင်တဲ့အခြေအနေမရှိဘူးလို့ ဒေသခံတွေနဲ့ လင်းပိုင်စောင့်ကြည့်သူတွေက ဆိုပါတယ်။ 

 

ဘယ်သူမျှ မလာရဲတဲ့ လင်းပိုင်ကြည့်ခရီးစဉ်

မြစ်ကြောင်းတလျှောက် တိုက်ပွဲတွေကြောင့် ဝရုန်းသုန်းကားဖြစ်နေတဲ့ ခုလိုအခြေအနေမျိုးမှာ လင်းပိုင် ကြည့်တဲ့ခရီးစဉ်တွေ စတင်နေပြီလို့ အခုနှစ် ဖေဖော်ဝါရီကစလို့ အာဏာသိမ်းစစ်တပ်က ကြေညာနေပါတယ်။ 

ငါးလုပ်ငန်းဦးစီးဌာနက မန္တလေး-ကျောက်မြောင်း ရေကြောင်းမှာ ဒီနှစ်နှစ်ဆန်းပိုင်းကစလို့ တလလျှင် ၃ ကြိမ် ဆင်းကြည့်လေ့ရှိပြီး ဝက်လက်မြို့နယ် အင်းဒေါင်းကျေးရွာအနီးမှာ ၁၇ ကောင် တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အကောင်ရေ စုစုပေါင်းဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ထည့်သွင်းမကြေညာပါဘူး။ 

တကယ်တမ်း မြေပြင်မှာတော့ ငါးလုပ်ငန်းဦးစီးဌာနကိုယ်တိုင် ရေထဲကိုဆင်းမကြည့်ကြသလို လင်းပိုင်ကြည့် ခရီးစဉ်ကိုလည်း ခုချိန်အထိ ဘယ်ခရီးသွားမှ မလာကြဘူးလို့ မြေလတ်အသံက စုံစမ်းသိထားရပါတယ်။ 

“မန္တလေး ၂၆ လမ်း မရမ်းခြံလှေဆိပ်မှာ ငါးဦးစီးက မော်တော်ချပြီး ငုတ်တုတ်ပဲ ထိုင်စောင့်နေတော့တယ်။ သူတို့ကိုယ်တိုင်တောင် ရေထဲဆင်းကြည့်ရဲတာ မဟုတ်ဘူး။” လို့ လင်းပိုင်ကြည့်ခရီးစဉ် မော်တော်မောင်းသူ ဦးထိန်လင်းက ပြောပါတယ်။ 

သူ့မော်တော်ကိုလည်း အာဏာသိမ်းပြီးကတည်းက ငှားမယ့်သူမရှိတော့တာကြောင့် ဝင်ငွေထိခိုက်လာလို့ သူပိုင်တဲ့ တိုက်ခန်း ၂ ခန်းရောင်းပြီး မိသားစုကို မငတ်အောင်ထားနေရတယ်လို့ ဆိုပါတယ်။  

သူ့လိုပဲ တခြားသော မော်တော်ပိုင်ရှင်တွေဟာလည်း စီးပွားပျက်ကုန်ကြပြီး မော်တော်တွေကို ပြန်ရောင်း ထုတ်ခဲ့ကြပါတယ်။ သူတို့အသင်းမှာ ယခင်က မော်တော်အစီး ၅၀ ရှိရာ အစီး ၄၀ လောက်ကို ပြန်ရောင်း ထုတ်ကြတာနဲ့ ဖျက်သိမ်းတဲ့အထဲပါသွားလို့ အခုဆို ၁၀ စီးလောက်သာ ကျန်တော့တယ်လို့ သူကပြောပါတယ်။ 

ဧရာဝတီမြစ်ထဲမှာ ငါးရှာလေ့ရှိတဲ့ ဦးအောင်ဆန်းလည်း အရင်ကလို လင်းပိုင်တွေနဲ့အတူ ငါးဖမ်းလို့ မရတော့တဲ့အတွက် တရက်ကို ငါးတပိသာတောင်မရနိုင်ဘဲ ငါးရောင်းရငွေ ၂,၅၀၀ ကနေ ၃,၀၀၀ ကျပ် လောက်သာ ရတော့တာကြောင့် စက်လှဆီဖိုးတောင် ပြန်မရဘူးလို့ သူက ဆိုပါတယ်။ 

“အခုက ငါးအရနည်းတော့ ဦးလေးတို့လည်း တော်တော်ကို ငတ်လာပြီ။” လို့ သူက ငြီးငြူပါတယ်။

လင်းပိုင်လေ့လာစောင့်ကြည့်သူ ကိုလရောင်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဧရာဝတီလင်းပိုင်နဲ့ ပတ်သက်တဲ့ ဂေဟစနစ်တခုလုံး ပျက်ယွင်းသွားတာဖြစ်ပြီး သတင်းအချက်အလက်တွေရဖို့ ခက်ခဲနေရာ နိုင်ငံရေးအခြေအနေ ပြန်ကောင်းရင်တောင် လင်းပိုင်ထိန်းသိမ်းရေးပြန်စဖို့ စဉ်းစားရခက်နေပြီလို့ ဆိုပါတယ်။ 

“ခုလိုအချိန်မှာ လူမသိ သူမသိနဲ့ ပျောက်သွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ စိတ်ပူမိတယ်။ နောင်တချိန် နိုင်ငံရေးပြန်ကောင်းတဲ့အချိန်ကျမှ ထိန်းသိမ်းရေးကို ပြန်လုပ်ကြမယ်ဆိုတဲ့အခါ တကောင်မှ မရှိတော့ရင် ဘာမှ လုပ်လို့မရတော့တဲ့ အခြေအနေမျိုး ရောက်သွားနိုင်တယ်။” လို့ သူက မှတ်ချက်ပြုပါတယ်။ 

*(သတင်းရင်းမြစ်၏ လုံခြုံရေးအရ နာမည်လွှဲထားပြီး ဘယ်သူ ဘယ်အဖွဲ့ကဆိုတာ အတိအကျ ထည့်သွင်းမဖော်ပြနိုင်ပါဘူး။)

#မြေလတ်အသံ

#ဆောင်းပါး #လင်းပိုင် #ဧရာဝတီလင်းပိုင် #လင်းပိုင်ထိန်းသိမ်းရေး #ရှားပါးမျိုးစိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10