AA ထံသွားတဲ့ PDA တပ်ဖွဲ့ဝင် ၆ ဦးကို ကောလင်းပကဖက ဖမ်းဆီးထား

AA ထံသွားတဲ့ PDA တပ်ဖွဲ့ဝင် ၆ ဦးကို ကောလင်းပကဖက ဖမ်းဆီးထား

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ် - PDO/PDA တပ်ဖွဲ့ဝင် ၆ ဦး သတင်းမပို့ဘဲ ကောလင်းနယ်မြေထဲ ဝင်ရောက်လာတာကြောင့်ဟုဆိုကာ ကောလင်းမြို့နယ်ပကဖက ဖမ်းဆီးထားတာ သီတင်း ၂ ပတ်ကျော်ကြာပြီလို့ PDO/PDA ဆီကနေ သိရပါတယ်။ 

PDO/PDA တပ်ဖွဲ့ဝင် ၆ ဦးဟာ ကောလင်းခရိုင်ထဲက ရခိုင့်တပ်တော်-AA နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့သွားစဉ် နိုဝင်ဘာ ၂၄ ရက်က ကျောက်ပြင်သာတိုက်နယ်၊ နှောကုန်းရွာမှာ ကောလင်းပကဖရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတာလို့ PDO ဥက္ကဌ ကိုလပြည့်က ပြောပါတယ်။ 

အဖမ်းခံထားရတဲ့ ၆ ဦးဟာ ရဲဘော်သစ္စာ(တာဝန်ခံ)၊ ရဲဘော် ဧက၊ ရဲဘော် ပိုင်ပိုင်၊ ရဲဘော် နောင်ရိုး၊ ရဲဘော် M4 နဲ့ ရဲဘော်ကျောက်ဘီးလူတို့ဖြစ်ပြီး သူတို့ဟာ ကောလင်းမြို့နယ်ဒေသခံ ပကဖနဲ့ ပအဖတို့ကို သတင်းပို့ပြီးမှသာ ကောလင်းခရိုင်ထဲဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေမှာ သေနတ် ၄ လက်နဲ့ ကျည် ၆၀၀ ခန့်ပါသွားတယ်လို့ သိရပါတယ်။ 

ဒီကိစ္စကို အတည်ပြုနိုင်ဖို့ မြေလတ်အသံက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းပြန်ကြားရေးအဖွဲ့ကို ဒီဇင်ဘာ ၆ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ကောလင်းပကဖကို ချိတ်ဆက်နေတယ်လို့ဆိုပြီး သတင်းထုတ်ပြန်ချိန်အထိ အကြောင်းပြန်စာ မရသေးပါဘူး။ 

“လက်ထဲမှာလည်း ရခိုင့်တပ်တော်နဲ့ဆက်သွယ်ဖို့ စာရွက်စာတမ်းတွေ ပါသွားတယ်။ အဲဒီစာရွက်စာတမ်းတွေကိုလည်း သူတို့(ကောလင်းပကဖ)က သိမ်းထားတယ်။ ဖမ်းဖမ်းချင်းမှာ ကျနော်တို့ရဲဘော်တွေကို အချုပ်ချထားတာ။ ဘာအမှုလဲလို့ မေးတော့လည်း ဘာမှ မပြောဘဲ ဖမ်းထားတာ။ ၃ ရက်လောက်ကြာအောင် ဆက်တိုက်မေးကာမှ နယ်မြေထဲကို သတင်းမပို့ဘဲဝင်လို့ဆိုပြီး ဖမ်းထားတာလို့ ပြောတယ်။” လို့ ကိုလပြည့်က ပြောပါတယ်။

အဖမ်းခံရတဲ့ PDO/PDA တပ်ဖွဲ့ဝင် ၆ ဦးကို ၅ ရက်မြောက်နေ့မှာ ကောလင်းပကဖက အချုပ်ခန်းထဲကနေ ထုတ်ပေးပြီး လက်တလောမှာ အကျယ်ချုပ်ဖမ်းထားဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ဒီဇင်ဘာ ၅ ရက်က အဖမ်းခံထားရတဲ့ တပ်ဖွဲ့ဝင်တဦးနဲ့ ခဏတာ ဖုန်းအဆက်အသွယ်ရကာမှ အခုလို PDO/PDA တပ်ဖွဲ့ဝင်တွေ အဖမ်းခံရတဲ့အကြောင်းသိခဲ့ရတာလို့ သူကပြောပါတယ်။ 

နောက်တနေ့ ဒီဇင်ဘာ ၆ ရက်မှာ PDO က အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်ထံ လိပ်မူပြီး ကောလင်းခရိုင်ထဲကို သတင်းပို့ပြီးမှ ဝင်ရောက်တာဖြစ်ကြောင်းနဲ့ အဖမ်းခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ပြန်လွှတ်ပေးဖို့ စာပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - PDO/PDA ဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာမရှိဘဲ သီးခြားရပ်တည်နေတာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ မရှိဘဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ သီးခြားရပ်တည်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် ထားရှိတဲ့ NUG ရဲ့ မူဝါဒနဲ့ပတ်သတ်ပြီး မြေလတ်အသံက‌ ပြီးခဲ့တဲ့ အောက်တိုဘာမှာ အမျိုးသားညီညွတ်ရေးအစိုးရကို မေးမြန်းခဲ့ရာ မဖြေနိုင်သေးကြောင်းသာ အကြောင်းပြန်ခဲ့ပါတယ်။ 

ပုံစာ-ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ်(PDO/PDA )ဖွဲ့ဝင်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#PDA #ကောလင်း #ပကဖ #ပအဖ #NUG #ရခိုင့်တပ်တော် #ဖမ်းဆီး #သတင်း #ကောလင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10